ဇမ္ဗူသီရိ မတ် ၃၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆွေးနွေးပွဲနှင့် စာအုပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် (၉) နာရီက ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များ၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာစိုး၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေး စာရေးများနှင့် စာကြည့်တိုက်ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမျိုးထွန်းက ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေး၊ ကျေးလက်နေပြည်သူများ အသိပညာတိုးပွားရေးအတွက် ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာစိုးက စာကြည့်တိုက်လုပ်ငန်းများ အောင်မြင်ရေး၊ ကျောင်းသား/သူ၊ လူငယ်များ စာကြည့်တိုက်ကို အားကိုးအားထားပြုတတ်စေရေးနှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများဖြစ်ပေါ်စေရေး၊ စာကြည့်တိုက်လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်တတ်စေရေး၊ ရပ်ကွက်ကျေးရွာ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေး စာရေးများနှင့် စာကြည့်တိုက်ကော်မတီဝင်များက စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသီးသီးဆွေးနွေးတင်ပြခဲ့ကြသည်။
ထို့နောက် ရပ်ကွက်/ ကျေးရွာ စာကြည့်တိုက်များအတွက် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လှူဒါန်းသည့် စာအုပ်/စာစောင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များ၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိတို့က ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရှိရသည်။
ဟိန်းသူအောင် (ပြန်/ဆက်)