ရန်ကုန်မတ် ၃၀
မြန်မာ့ဆောက်လုပ်ရေး၊ အိမ်ရာ၊ လျှပ်စစ်နှင့် စိမ်းလန်းစွမ်းအင်ပြပွဲ -၂ဝ၂၄ ဖွင့်ပွဲအခမ်းအနားကိုယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ အင်းလျားလိပ်ဟိုတယ်၀န်းအတွင်းရှိ YCC ခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ကိုယ်စား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ပြပွဲကြီးတွင် ပြည်တွင်းအခြေစိုက်ကုမ္ပဏီကြီးများသာမက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကုမ္ပဏီများ၊ လုပ်ငန်းများက လာရောက်ပြသခြင်းဖြစ်ပြီး မြန်မာနိုင်ငံဈေးကွက်ကို ဝင်ရောက်ရန် ပြင်ဆင်နေသည်ကိုတွေ့ရပါကြောင်း၊ ပြည်ပကလာရောက်သည့်လုပ်ငန်းရှင်များ၊ Exhibitor များကိုလည်း ကြိုဆိုပါကြောင်း၊ ယခုလိုပြပွဲကြီးများသည် နိုင်ငံစီးပွားရေးအတွက် များစွာအထောက်အကူဖြစ်စေသကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်းတွေများစွာ ဖန်တီးပေးတာကို တွေ့ရပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌ ဦးခင်မောင်ဌေး၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးရှိန်ဝင်းတို့က အမှာစကားအသီးသီးပြောကြားကြသည်။
ယင်းနောက်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုး၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌ ဦးခင်မောင်ဌေး၊ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးရှိန်ဝင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးမျိုးသန့်နှင့်မြန်မာနိုင်ငံ ကုန်စည်ပြပွဲနှင့် ဆွေးနွေးပွဲများဆိုင်ရာ လုပ်ငန်းအသင်းဥက္ကဋ္ဌ ဦးမင်းသိန်းတို့က မြန်မာ့ဆောက်လုပ်ရေး၊ အိမ်ရာ၊ လျှပ်စစ်နှင့်စိမ်းလန်းစွမ်းအင်ပြပွဲကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ထို့နောက်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုးနှင့် တာ၀န်ရှိသူများသည် ခင်းကျင်းပြသထားသော ပြခန်းများအား လှည့်လည်ကြည့်ရှုကြသည်။
အဆိုပါပြပွဲသည် ဒုတိယအကြိမ်မြောက်ကျင်းပသော နိုင်ငံတကာအဆင့် ဆောက်လုပ်ရေး၊ အိမ်ရာနှင့် စိမ်းလန်းစွမ်းအင်ဆိုင်ရာ ပြပွဲကြီးဖြစ်ပြီး ယမန်နှစ် ပထမအကြိမ်ပြပွဲထက် ပိုမိုကြီးမားပြီး ပြည်တွင်း/ပြည်ပမှ ကုမ္ပဏီပေါင်း(၈၀)ကျော်၊ SMEလုပ်ငန်းပေါင်း(၂၀)တို့ အပါအ၀င် ပြခန်းပေါင်း ၂၀၀ ကျော် ပြသထားပြီး မတ်လ ၃၁ ရက်နေ့အထိ ပြသသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အောင်မြင့်(ပြန်/ဆက်)