လားရှိုး မတ်လ ၃၀
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ လားရှိုးခရိုင် စာရင်းစစ်ရုံးနှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ လားရှိုးခရိုင် လူမှုဝန်ထမ်းရုံးတို့ ပူးပေါင်းဖွင့်လှစ်သည့် အစိုးရစာရင်းထားနည်း (ဌစ) နှင့် ငွေစာရင်းခေါင်းစဉ်များ၊ ဘဏ္ဍာရေးစည်းမျဉ်းသင်တန်းကို ယနေ့နံနက် (၉) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (လားရှိုး) ရှိ သင်တန်းခန်းမတွင် ကျင်းပသည်။
သင်တန်းတွင် လားရှိုးခရိုင် စာရင်းစစ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ပြုံးယဉ်နှင့် နည်းပြများက ပို့ချသင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ လားရှိုး၊ လောက်ကိုင်၊ မူဆယ်ခရိုင် လူမှုဝန်ထမ်းရုံးတို့မှ ဝန်ထမ်းများ၊ ပင်စင်ဦးစီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှေးဟောင်းယဉ်ကျေးမှုသုတေသနဦးစီးဌာန၊ ကွန်ပျူတာတက္ကသိုလ် (လားရှိုး) တို့မှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး သင်တန်းကို နှစ်ရက်တာ ဖွင့်လှစ်သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)