ရန်ကင်း မတ် ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် ကင်းထောက်လူငယ် သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နေ့လည် (၂) နာရီက ရန်ကင်းမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားအား အ.ထ.က (သုဝဏ္ဏ) ကင်းထောက်လူငယ်များက “ပြည်သူ့အတွက်အစဉ်အသင့်” သီချင်းဖြင့် သီဆို၍ ဖွင့်လှစ်ခဲ့သည်။ ထို့နောက် သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့လူငယ်တွေသည် နောင်တစ်ချိန်တွင် နိုင်ငံတော်ရဲ့တာဝန်ကို ပခုံးပြောင်းထမ်းဆောင်ကြမည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်သောကြောင့် လူငယ်တွေအတွေးအခေါ်မှန်ကန်ဖို့၊ ကိုယ်ကျင့်တရား ကောင်းမွန်ဖို့အတွက် ဗလငါးတန်နဲ့ပြည့်စုံတဲ့ လူတော်လူကောင်းတွေဖြစ်လာဖို့ အင်မတန်မှအရေးကြီးကြောင်း၊ ကင်းထောက်လူငယ်တွေနဲ့ပတ်သက်ပြီး ယခင်က တေဇလူငယ်၊ ရှေ့ဆောင်လူငယ် လမ်းစဉ်လူငယ်ရယ်လို့ ရှိခဲ့ရာမှ အဆင့်ဆင့် ကင်းထောက်လူငယ်ရယ်လို့ ပြောင်းလဲဖွဲ့စည်းခဲ့တာဖြစ်ကြောင်း ကင်းထောက်လူငယ်များကလည်း ကင်းထောက်ကျင့်ဝတ် (၁၀) ပါး ဖြစ်သည့် “တည်တံတော်မှန် ကူညီရန်၊ ချစ်ပြန်ယဉ်ကျေးမှု၊ သနားလိုက်နာ ပြုံရွှင်စွာ ချွေတာစင်ကြယ်ကြ” ဆိုသည့်အတိုင်း ကိုယ်ပိုင်စွမ်းဆောင်ရည်ရှိတဲ့လူငယ်များ အများအကျိုး ဆောင်ရွက်တတ်တဲ့ လူငယ်များအဖြစ် ဆက်လက်ကြိုးစား အားထုတ်သွားကြရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ရန်ကင်းမြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ်တို့မှ ကင်းထောက်လူငယ် သင်တန်းသား၊ သင်တန်းသူများအား တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး အ.လ.က (၄) ရန်ကင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက Fitness dance အကဖြင့် အလှသရုပ် ပြသခဲ့ပြီး၊ အ.ထ.က (၂) ရန်ကင်း ကင်းထောက်လူငယ်များက “ကင်းထောက်များရဲ့ခြေလှမ်း” သီချင်းဖြင့်ဂုဏ်ပြု သီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)