“လောကကောင်းကျိုး သယ်ပိုးပြည့်စုံ မြတ်ရွှေတိဂုံ” ဓာတ်ပုံပြပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန် မတ် ၃၀

ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ခေတ်အဆက်ဆက်က မှတ်တမ်းဓာတ်ပုံများ၊ ထူးခြားထင်ရှားနေရာဌာနများနှင့် ကြည်ညိုဖွယ်ရာ ပုံတော်များကို ဘုရားဖူးလာအများပြည်သူတို့ လေ့လာကြည့်ရှုကြည်ညိုပူဇော်နိုင်ရန်အတွက် “လောကကောင်းကျိုး သယ်ပိုးပြည့်စုံ မြတ်ရွှေတိဂုံ” အမည်ရသည့် ဓာတ်ပုံပြပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်း ၇ နာရီခွဲက စေတီတော်ရင်ပြင် မြောက်ဘက်(ရာဟုထောင့်) ချမ်းသာကြီးတန်ဆောင်း၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေး‌အောင်နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာအခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ဖွင့်လှစ်ကြသည်။

ထို့နောက် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးမျိုးအောင်ဌေးက  ဓာတ်ပုံပြပွဲဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။

ယင်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးထွန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျ သဘာပတိ ဦးမျိုးအောင်ဌေးနှင့် ဓာတ်ပုံပြပွဲကျင်းပရေးဆပ်ကော်မတီဥက္ကဋ္ဌ ဦးဌေးလှိုင်တို့က ဓါတ်ပုံပြပွဲအခမ်းအနားကို ရွှေကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။

 ဖွင့်ပွဲအခမ်းအနားပြီးနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးဌေးအောင်၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များနှင့် ဧည့်သည်တော်များသည် ဓာတ်ပုံပြပွဲအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် လောကကောင်းကျိုး သယ်ပိုးပြည့်စုံ မြတ်ရွှေတိဂုံ ဓာတ်ပုံပြပွဲကို ၂၉-၃-၂၀၂၄ နေ့မှ ၄-၄-၂၀၂၄ နေ့အထိ စေတီတော်ရင်ပြင် မြောက်ဘက်(ရာဟုထောင့်) ချမ်းသာကြီးတန်ဆောင်း၌ နံနက် ၅ နာရီမှ ည ၉ နာရီအထိ ဘုရားဖူးလာအများပြည်သူတို့ ကြည့်ရှုနိုင်ရန် ဖွင့်လှစ်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)