နေပြည်တော်ကောင်စီဝင် ဦးဟန်သူ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့နှင့် ကျေးရွာများအား ဂုဏ်ပြုဆုချီးမြှင့်နိုင်ရေး (ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် မတ် ၃၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့နှင့် ကျေးရွာများအား ဂုဏ်ပြုဆုချီးမြှင့်နိုင်ရေး (ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပရာ ဆုစိစစ်ရွေးချယ်ရေး နာယက နေပြည်တော်ကောင်စီဝင် ဦးဟန်သူ၊ ဆုစိစစ်ရွေးချယ်ရေး အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဟန်သူက အဖွင့်အမှာစကားပြောကြားရာတွင် ဆုစိစစ်ရွေးချယ်ရေး အဖွဲ့များအနေနဲ့ မြို့/ရွာများမှ တင်ပြလာသည့်  Video Clip များနှင့် မိမိတို့မြေပြင် ကွင်းဆင်းစဉ်က တွေ့ရှိချက်များကို အခြေခံ၍ အမှတ်ပေးစိစစ်ရွေးချယ်ပေးရမှာ ဖြစ်ပါကြောင်း၊ အကောင်းဆုံးနှင့် ရမှတ်အများဆုံး မြို့သုံးမြို့ကို နေပြည်တော်အဆင့်တွင် ပထမ၊ ဒုတိယ၊ တတိယ ဂုဏ်ပြုဆု (၃) ဆု ပေးအပ်ချီးမြှင့်သွားမှာဖြစ်ပြီး အကောင်းဆုံးနှင့် ရမှတ်အများဆုံး ကျေးရွာသုံးရွာကိုလည်း နေပြည်တော်အဆင့်တွင် ပထမ၊ ဒုတိယ၊ တတိယ ဂုဏ်ပြုဆု (၃) ဆု ပေးအပ်ချီးမြှင့်သွားမှာဖြစ်ပါကြောင်း၊ နေပြည်တော်အဆင့်တွင် ပထမရရှိသည့် မြို့တစ်မြို့နှင့် ကျေးရွာတစ်ရွာအား အမျိုးသားအဆင့် ဂုဏ်ပြုဆုရရှိရေးအတွက် စည်းကမ်းသတ်မှတ်ချက်များနှင့် အညီ ဆက်လက်ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါကြောင်း၊ နေပြည်တော်အတွင်း ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်သော မြို့နှင့် ကျေးရွာများ ပေါ်ပေါက်လာစေရေး ကြိုးပမ်း ဆောင်ရွက်ခြင်းဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သည် ကျန်းမာသန့်ရှင်းသာယာလှပပြီး ဖွံ့ဖြိုးတိုးတက်တဲ့ လူမှုပတ်ဝန်းကျင်တစ်ခု ဖြစ်ပေါ်လာနိုင်မှာဖြစ်ပြီး  ဆုစိစစ်ရွေးချယ်ရေးအဖွဲ့များအားလုံးကလည်း လက်တွဲညီညီနဲ့ ပူးပေါင်းဆောင်ရွက်ပေးကြဖို့ တိုက်တွန်းပြောကြားလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဆုစိစစ်ရွေးချယ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးစိုးနိုင်က ပြိုင်ပွဲဝင် မြို့နှင့်ကျေးရွာများသို့ သတ်မှတ် အခြေခံစံနှုန်းများနှင့်အညီ ဆောင်ရွက်ထားမှု မြေပြင်ကွင်းဆင်းစိစစ်ခဲ့သည့် အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် နေပြည်တော်အတွင်း ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့နှင့် ကျေးရွာအတွက် ယှဉ်ပြိုင်လျှောက်ထားသည့် မြို့နယ်ရှစ်မြို့နယ်နှင့် ကျေးရွာလေးရွာတို့၏ Video Clip များအား ကြည့်ရှုစိစစ်ခဲ့ကြပြီး တစ်ဦးချင်း ဆွေးနွေးအကြံပြုခြင်းများ၊ စိစစ်အကဲဖြတ်အမှတ်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်က ရှင်းလင်း ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။

ဟိန်းသူအောင် (ပြန်/ဆက်)