ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ရခိုင်ပြည်နယ်ဥပဒေချုပ်ရုံးဝန်ထမ်းများအား ထောက်ပံ့ပစ္စည်း ပေးအပ်ပွဲ တက်ရောက်

စစ်တွေ မတ် ၂၉

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နေ့လယ်ပိုင်းက ရခိုင်ပြည်နယ် ဥပဒေချုပ်ရုံး၊ တော်ဝင်သဇင်ခန်းမ၌ ကျင်းပသော ဥပဒေချုပ်ရုံး ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲသို့ တက်ရောက်ကြသည်။

ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရတို့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့သည့် ပစ္စည်းများကို ပေးအပ်ကြ သည်။ ဆက်လက်၍ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ဥပဒေရေးရာဝန်ကြီးဌာနက ထောက်ပံ့သည့် ပစ္စည်းများကို ပေးအပ်ရာ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဥပဒေအရာရှိများက လက်ခံရယူကြသည်။

ဥပဒေချုပ်ရုံးဝန်ထမ်းများအတွက် ဥပဒေရေးရာဝန်ကြီးဌာနက စက်ဘီး(၇) စီး၊ ဆန်၊ ကုလားပဲများကို ပံ့ပိုးပေးခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဆန်၊ စားသုံးဆီ၊ ကြက်သွန်၊ ငရုပ်သီးခြောက် နှင့် ခေါက်ဆွဲခြောက်များကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဥပဒေချုပ်ရုံးဝန်ထမ်းများနှင့်အတူ နေ့လယ်စာ လက်ဖက်ရည်ကို အတူတကွ သုံးဆောင်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ထောက်ပံ့ပစ္စည်း ပေးအပ်ပွဲသို့ တက်ရောက်လာကြသည့် ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သတင်းရသည်။

တင်ထွန်း(ပြန်/ဆက်)