မော်လမြိုင် မတ်လ ၂၉
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ အဖွဲ့ဝင်နှင့် မွန်ပြည်နယ် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU)များ တွေ့ဆုံခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးဝင်းတည်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးမကော်မရှင်မှ ချမှတ်ထားသည့် မဟာဗျူဟာရည်မှန်းချက်များ၏ အဓိကလုပ်ငန်းစဉ်(၃)ရပ်မှာ အသိပညာပေးခြင်းနှင့် တားဆီးကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေးဖော်ထုတ် အရေးယူခြင်း၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းဖြစ်ကြောင်း၊ ကြိုတင်ကာကွယ်သည့်အနေဖြင့် အသိပညာပေးခြင်း၊ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ ကျင့်ဝတ်များကို လိုအပ်သလို ပြင်ဆင်သတ်မှတ်ခြင်းဖြင့် အဂတိလိုက်စားမှုဖြစ်နိုင်ခြေကို လျှော့ချနိုင်ကြောင်း ၊ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ Corruption Prevention Unit (CPU)များကို ၂၀၁၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။
ယခုအခါ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းနှင့် ဝန်ကြီးဌာနအားလုံးတွင် CPU (၃၈)ခု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ရုံး များတွင် CPU (၁၄)ခုဖွဲ့စည်းနိုင်ခဲ့ကြောင်း၊ CPU အဖွဲ့များသည် လုပ်ထုံးလုပ်နည်း SOP များရေးဆွဲခြင်း၊ ဌာနနှင့်ပြည်သူအကြား ပွင့်လင်းမြင်သာမှုစနစ် တည်ဆောက်ခြင်း၊ ဌာနတွင်း အဂတိလိုက်စားမှု အခြေအနေ ဆန်းစစ်ခြင်း (CRA)၊ အများပြည်သူ၏ တုံ့ပြန်မှုရယူခြင်း အစီအစဉ်(PFP) တည်ဆောက်ခြင်း၊ တိုင်ကြားမှုစနစ် ထူထောင်ခြင်း၊ ဌာနနှင့်ဆက်စပ်ဆောင်ရွက်ရသည့် ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများတွင် ကျင့်ဝတ်(COC) ရေးဆွဲရေး ကြီးကြပ်ဆောင်ရွက်ခြင်း၊ ဥပဒေအရ အရေးယူဆောင်ရွက်သင့်သည့် ကိစ္စရပ်များကို ပြည်ထောင်စု အစိုးရအဖွဲ့နှင့် ကော်မရှင်သို့ လစဉ်တင်ပြခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်ကြရကြောင်း၊ လာဘ်ပေးသူ နှင့် လာဘ်ယူသူကို အရေးယူမှသာ အဂတိလိုက်စားမှု လျှော့ချနိုင်မည်ဖြစ်သဖြင့် CPU အဖွဲ့များအနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာရန် လိုအပ်ကြောင်း အဖွင့်အမှာ စကားပြောကြားသည်။
ထို့နောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းထွန်းမှ မွန်ပြည်နယ်အစိုးရအဖွဲ့၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှု၊ တိုင်ကြားစာများနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရန်ပြီးစီးမှု၊ ဆောင်ရွက်ရန် ကျန်ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ မွန်ပြည်နယ်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU) အဖွဲ့ခေါင်းဆောင် ဦးတိုးဝင်းမှမွန်ပြည်နယ် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU)များ၏ လုပ်ငန်းဆောင်ရွက်ချက် များအား ရှင်းလင်းတင်ပြကာ ပြည်နယ်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ ဆပ်ကော်မတီဝင်များက မိမိတို့ကော်မတီအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းဆွေးနွေး တင်ပြခဲ့ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးဝင်းတည်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)