ကျိုင်းတုံ ဖေဖော်ဝါရီ ၂၅
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရှမ်းပြည်နယ် အသေးစားစက်မှု လက်မှုလုပ်ငန်း ဦးစီးဌာနနှင့် ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် “လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်မှုနည်းပညာ(အခမဲ့)သင်တန်း” ကို ခရိုင်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီ က ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးနှင့် ပြည်နယ်ဒုတိယ အုပ်ချုပ်ရေးမှူး ဦးရဲနိုင်တို့က အမှာစကားပြောကြားပြီး ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်ဦးက သွင်းကုန်အစားထိုး အလှကုန်၊ လူသုံးကုန်ပစ္စည်း များ တစ်ပိုင်တစ်နိုင်ထုတ်လုပ်၍ စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနိုင်ရန်၊ မိသားစုဝင်ငွေ တိုးပွားလာရန်၊ မြို့ပြနှင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖွံဖြိုးတိုးတက်လာနိုင်စေရန် ရည်ရွယ်၍ သင်တန်း ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းတွင် လူသုံးကုန်ပစ္စည်းအမျိုးမျိုးနှင့် အလှကုန်ပစ္စည်းအမျိုးမျိုး စသည့်ထုတ်ကုန် ပစ္စည်းများ၏ ထုတ်လုပ်မှုနည်းပညာ အဆင့်ဆင့်ကို ရှမ်းပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန (တောင်ကြီး) မှ ဦးစီးမှူး ဦးကျော်သူရက သင်တန်းသား/ သင်တန်းသူ (၂၀)ဦးအား ဖေဖော်ဝါရီ ၂၄ ရက်မှ မတ်လ ၁ ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)