တာမွေ မတ် ၂၉
မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး၏ အရင်းမူလဖြစ်သည့် ပရိယတ္တိသာသနာတော် ထွန်းကားပြန့်ပွားစေရန်အတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲကို နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့တွင် ၂၀၂၄ ခုနှစ် မတ်လ(၂၈)ရက်နေ့မှ ဧပြီလ(၉)ရက်နေ့အထိ နေ့စဉ်မွန်းတည့်(၁၂:၀၀)နာရီအချိန်မှ ညနေ(၄:၀၀)နာရီအချိန်အထိ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်ခရိုင် တာမွေမြို့နယ်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင်လည်း ၂၀၂၄ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲ ဒုတိယနေ့၌ ပါရာဇိကကဏ္ဍပါဠိအဋ္ဌကထာကို မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များမှ သံဃာတော်အပါး(၂၀၅)ပါး စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ၂၀၂၄ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲ ဒုတိယနေ့၌ ပါရာဇိကကဏ္ဍပါဠိအဋ္ဌကထာကို တာမွေမြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များမှ သံဃာတော်အပါး(၂၃၁)ပါးဖြေဆိုရန် စာရင်းပေးသွင်းခဲ့ပြီး သံဃာတော်အပါး(၂၀၅) ဝင်ရောက်ဖြေဆိုခဲ့ကြောင်းနှင့် စာဖြေသံဃာတော်များ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဩဝါဒစရိယဆရာတော်ကြီးများ၊ အထူးကြီးကြပ်ရေးအဖွဲ့ဆရာတော်များ၊ စာဖြေဌာနကြီးကြပ်ရေးအဖွဲ့ ဆရာတော်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များနှင့် ရပ်ဖိရပ်ဖများက လိုအပ်သည်များ ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)