တာမွေမြို့နယ်တွင် အပူဒဏ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကျင်းပ

တာမွေ မတ် ၂၉

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် အပူဒဏ်ကြိုတင်ကာကွယ်ရေးဆိုင်ရာများနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ကျန်းမာရေးနှင့်အညီ နေထိုင်သွားလာ စားသောက်တတ်စေရန် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်းအချိန်က တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ အပူဒဏ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က ပွဲကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး တာမွေမြို့နယ် ကြက်ခြေနီအသင်းခွဲမှ တပ်ခွဲမှူး (၁) ဦးချစ်မင်းသူက ယခုအခါ ရာသီဥတုပူပြင်းလာသည့်အတွက် ပြည်သူများအနေဖြင့် အပူဒဏ်မှ ကြိုတင်ကာကွယ်နိုင်ရန် ဆောင်ရန်/ ရှောင်ရန်အချက်များ၊ ကျန်းမာရေးနှင့်အညီ စနစ်တကျနေထိုင်သွားလာစားသောက်နည်းများနှင့် ပတ်သက်၍ အကျယ်တဝင့် အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများနှင့် ကျောင်းသား/ သူ လူငယ်လူရွယ်လေးများ အသိဉာဏ်ပညာဗဟုသုတတိုးပွားစေရေးအတွက် အသိပညာပေးဟောပြောပွဲများ ကျင်းပဆောင်ရွက်လျက်ရှိသလို မြို့နယ်အတွင်းရှိ ရပ်ကွက်များ၊ အခြေခံပညာကျောင်းများနှင့် အစိုးရဌာနဆိုင်ရာရုံးများ၌ နယ်လှည့်စာကြည့်တိုက်များ ဖွင့်လှစ်၍ သုတ/ ရသစာအုပ် စာစောင်များအား စာဖတ်ပရိသတ်များနှင့် စာပေဝါသနာရှင်များ လက်ဝယ်အရောက် အခမဲ့ကွင်းဆင်းလိုက်လံ ငှားရမ်းပေးလျက်ရှိကြောင်း၊ နိုင်ငံတစ်ဝှမ်း ဖြစ်ပေါ်နေသော သတင်းအချက်အလက်များ၊ ပြည်တွင်း/ ပြည်ပ သတင်းများနှင့် ပြည်သူများဗဟုသုတရဖွယ် အစီအစဉ်များကိုလည်း ဒီဂျစ်တယ်နည်းပညာကို အသုံးပြု၍ အွန်လိုင်းမှတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိကြောင်းနှင့် အဆိုပါ အသိပညာပေး အစီအစဉ်များကို We Love Tar mwe Facebook Page နှင့် တာမွေမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင် (ပြန်/ဆက်)