မိုးကောင်း မတ် ၂၆
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ မူလတန်းနှင့်အလယ်တန်းအဆင့် ဘာသာရပ်ဆွေးနွေးခြင်းကို မတ်လ(၂၆)ရက် နံနက်(၉)နာရီတွင် ဆက်လက်ပို့ချလျှက်ရှိကြောင်းသိရသည်။
ဆရာဆရာမများနှင့် ကျောင်းသားများ ပညာအရည်အသွေးနှင့်သင်ကြားမှု မြှင့်မားလာစေရန်ရည်ရွယ်၍ ဘာသာရပ်များဆွေးနွေးခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဆရာဟူသည် ထာဝရကျောင်းသားကြီးများဖြစ်၍ မိမိတို့၏ သင်ကြားသင်ယူမှုစွမ်းရည် ပြည့်ဝမြှင့်မားစေရန်နှင့် အရည်အချင်းတောက်ပြောင်နိုင်စေရန် အစဉ်အဆက်မပြတ် ကြိုးစားသင်ယူစေလိုကြောင်း၊ မိမိတို့သင်ကြားရာတွင် တွေ့ရှိခဲ့ရသည့်အခက်အခဲများကို သင်တန်းချိန်အတွင်း အကျိုးရှိရှိဝိုင်းဝန်းကြိုးစားစေလိုကြောင်း မြို့နယ်ပညာရေးမှူးက ဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားတွင် အမှာစကားပြောကြားခဲ့သည်။
မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲတွင် သင်တန်းနည်းပြ (၃၆) ဦး၊ သင်တန်း သား/သူ (၅၁၈) ဦးနှင့် အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲတွင် သင်တန်းနည်းပြ (၁၆) ဦး၊ သင်တန်းသား/သူ (၂၆၉) ဦးတို့က မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်းနှင့်သိပ္ပံ ဘာသာရပ်များကို မတ်လ (၂၅) ရက်မှ (၃၀) ရက်နေ့ထိ (၅) ရက်တာကာလ ဆွေးနွေးပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
သန်းလွင်ဦး (ပြန်/ဆက်)