တွံတေးမြို့နယ်၌ ကင်းရွာ - ခရမ်းကြီး - ခရမ်းဝ - ရေတွင်းကုန်း - ကွင်းပေါက် ကျေးရွာချင်းဆက် ကျေးလက်ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန် မတ် ၂၉

(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တွံ့တေးမြို့နယ် ကင်းရွာ- ခရမ်းကြီး- ခရမ်းဝ- ရေတွင်းကုန်း- ကွင်းပေါက် ကျေးရွာချင်းဆက် ကျေးလက်ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားအား ယနေ့မွန်းလွဲပိုင်းက အဆိုပါလမ်းတွင် ကျင်းပသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်ဇော်က စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ကင်းရွာ - ခရမ်းကြီး - ခရမ်းဝ - ရေတွင်းကုန်း - ကွင်းပေါက်ချောင်းစပ်ထိ လမ်းနှင့်ကားကြီးကွင်းရပ်နားစခန်းမှာ ယခင်မြေသား လမ်းဖြစ်ပြီး ၂၀၂၂ - ၂၀၂၃ ခုနှစ်တွင် ကျောက်ချောလမ်းအဖြစ် ဆောင်ရွက်ခဲ့ကြောင်း၊ ယခုနှစ်တွင် ၇ ဖာလုံ ၁၄ ပေအကျယ် ၇ လက်မထု ကွန်ကရစ်လမ်းအဖြစ် တိုင်းဒေသကြီး(ငွေလုံးငွေရင်း) ဘဏ္ဍာရန်ပုံငွေဖြင့် စတင်ဆောင်ရွက်ခဲ့ပြီး ကွန်ကရစ်လောင်းခြင်း လုပ်ငန်းပြီးမြောက်ခဲ့ကြောင်း၊ အဆိုပါ ရေတွင်းကုန်း- ကွင်းပေါက်ချောင်းစပ်ထိလမ်းနှင့်ကားကြီးကွင်း ရပ်နားစခန်းအား ဆောင်ရွက်ပေးခြင်းဖြင့် အကျိုးပြုရွာ(၈)ရွာ၊ အိမ်ခြေ(၁၄၈၉)အိမ်၊ အိမ်ထောင်စု(၂၈၁၆)စုနှင့် လူဦးရေ(၅၉၅၇)ဦး၊စာသင်ကျောင်း(၅)ကျောင်း၊ ကျောင်းသား/သူ(၉၃၉)ဦး၊ စိုက်ပျိုးဧက (၁၃၇၄၆ ဧက)တို့အား အကျိုးပြုကြောင်းပြောကြားသည်။

ထို့နောက် ကျေးရွာရပ်မိရပ်ဖတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ၎င်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသခံတောင်သူများနှင့်တွေ့ဆုံပြီး လမ်းပန်းဆက်သွယ်ရေး ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် မျိုးစေ့ချကျရိယာ(Seeder)အကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်း၊ ညွှန်ကြားရေးမှူးဦးသက်ဇော်နှင့်တာဝန်ရှိသူများက လမ်းသစ်ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အတူ ကျေးလက်ကွန်ကရစ်လမ်း ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်းသိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)