ကျောက်ပန်းတောင်း မတ် ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့ပေါ်နေ ပြည်သူများ သောက်သုံးရေ ဖူလုံစွာရယူ သုံးစွဲနိုင်ရေးအတွက် ရေရရှိနိုင်မည့် နည်းလမ်းများအား ရှာဖွေ စိစစ်လျက်ရှိရာ၊ ညောင်ဦးမြို့နယ် ကျွန်းခင်းကြီးရေလှောင်တမံ တည်ဆောက်ရေးစီမံကိန်း အကောင်းအထည်ဖော် ဆောင်ရွက်၍ ရေပေးဝေသွားနိုင်ရေးအတွက်၊ အဆိုပါ တမံတည်ဆောက်ရေး ကနဦး ပတ်ဝန်းကျင် ဆန်းစစ်ခြင်း အစီရင်ခံစာအား၊ ဌာနဆိုင်ရာများနှင့် ဒေသခံများသို့ ချပြရှင်းလင်းခြင်းအခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီက ကျောက်ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး စကာဝါမြေ ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြင်းခြံခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတလန့်ကျားက ကျောက်ပန်းတောင်းမြို့ပေါ်နေ ပြည်သူများ သောက်သုံးရေ ဖူလုံစွာ ရယူသုံးစွဲနိုင်ရေး အတွက် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် နည်းလမ်းမျိုးစုံကို သုံးသပ် စိစစ်လျက်ရှိသည့်အနက်၊ ညောင်ဦးမြို့နယ် ကျွန်းခင်းကြီး ရေလှောင်တမံ တည်ဆောက်ရေးကို အကောင်အထည်ဖော်၍ ရေပေးဝေနိုင်ရေးအတွက် ကနဦး ပတ်ဝန်းကျင် ဆန်းစစ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်းနှင့် အဆိုပါ ဆန်းစစ်တွေ့ရှိချက်များအား သက်ဆိုင်ရာ တာဝန်ရှိသူများက ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ပြည်သူများသို့ ချပြရှင်းလင်းသွားမှာဖြစ်ကြောင်း ဦးစွာ ပြောကြားသည်။ ယင်းနောက် Hexagonal Angle International Consultants Co.Ltd မှ ဒုတိယ အဖွဲ့ခေါင်းဆောင် ဦးဝင်းနိုင်ဦးက ကျွန်းခင်းကြီး ရေလှောင်တမံ တည်ဆောက်ခြင်း စီမံကိန်း ကနဦး ပတ်ဝန်းကျင် ဆန်းစစ်ခြင်းဆိုင်ရာများဖြစ်သည့် စီမံကိန်းအကြောင်းအရာများ၊ ပတ်ဝန်းကျင်အခြေအနေ အလေ့လာခြင်း၊ ပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေးများ ကောက်ယူထားသည့် နည်းလမ်းများ၊ ကွင်းဆင်း လေ့လာခြင်းနှင့် တွေ့ရှိချက်များ၊ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုနှင့် လျော့ချရေးအစီအစဉ်များ၊ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ်နှင့် အစီအစဉ်ခွဲများ၊ စောင့်ကြပ်ကြည့်ရှုခြင်း အစီအစဉ်များ စသည်တို့ကို ပရိုဂျက်တာဖြင့် ရှင်းလင်းတင်ပြပြီး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ မေးမြန်းမှုများအပေါ် ပြန်လည် ရှင်းလင်းဆွေးနွေး၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အဆိုပါ ရှင်းလင်းပွဲသို့ မြင်းခြံခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတလန့်ကျား၊ ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်း ရေးမှူးနှင့် အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဦး၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ညောင်ဦးခရိုင်မှ ဌာနဆိုင်ရာများနှင့် ကျောက်ပန်းတောင်းမြို့နယ်မှ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ စုစုပေါင်း (၆၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)