ကျောက်ဆည် မတ် ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မူလတန်းကြိုကျောင်း အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၉ နာရီခွဲက သားငယ်၊သမီးငယ်များ၏ ကျောင်းဆင်းလက်မှတ်ပေးအပ်ခြင်းနှင့် ပဒေသကပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းစိုးက ရင်သွေးငယ်များအား ကျောင်းနေစနှင့် ကျောင်းဆင်းပြီးအချိန်များ နှိုင်းယှဉ်ကြည့်ပါက များစွာ ကွာခြားပြီး ပိုမိုတိုးတက်လာတာတွေ့ရမှာ ဖြစ်ကြောင်း၊ စားချိန်အိပ်ချိန်များ စနစ်တကျ ဆောင်ရွက်တတ်ပြီး လိုက်နာဆောင်ရွက်သည်ကို တွေ့မြင်ရမှာဖြစ်ကြောင်းနှင့် ပူးပေါင်းဆောင်ရွက်သည့် အကျင့်များနှင့်အတူ မိမိတာဝန်မိမိကိုယ်တိုင် ဆောင်ရွက်ပြီး အချင်းချင်း အပြန်အလှန် အတုယူမှုများ ရှိလာမှာဖြစ်ကြောင်း၊ အုပ်ထိန်းသူများအနေဖြင့် မွေးကင်းစအရွယ်မှ အသက် (၈) နှစ်အရွယ်အထိ ကလေးများ၏ ဖွံ့ဖြိုးမှုသည် အကောင်းဆုံးအချိန်ဖြစ်၍ အဟာရပြည့်ဝသည့် အဟာရများ ကျွေးမွေးရန် လိုအပ်ကြောင်း၊ အခြေခံ ပညာကျောင်းများသို့ ရောက်ရှိပါက အများတကာထက် ပိုမိုထူးချွန်ပြီး အရွယ်ရောက်သည့်အခါ ထူချွန်သူများ ဖြစ်လာမည်ဖြစ်သဖြင့် ပညာကို ဆုံခန်းတိုင်အောင် သင်ကြားပေးစေလိုကြောင်း အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းစိုး၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ထွေး၊ ကျောင်းအုပ် ဆရာမကြီး ဒေါ်ရီရီမြင့်နှင့် တာဝန်ရှိသူများက ကျောင်းသား/ကျောင်းသူ ရင်သွေးငယ်များအား ကျောင်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်းနှင့် အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်သွေးငယ် ကျောင်းသား/ကျောင်းသူလေးများက တောင်ယာဝင်ချိန်၊ ထာဝရသစ္စာ၊ ချစ်လိုက်တော့ 1,2,3 ၊ Havana သီချင်းများ၊ အကများဖြင့် ကပြဖျော်ဖြေခဲ့ပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းစိုးနှင့် ကျောင်းအုပ်ဆရာမကြီးတို့က သင်္ကြန်လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)