ဗန်းမော်ခရိုင်အတွင်း၌ နယ်စပ်ရေးရာဝန်ကြီးဌာန၏ အကောင်အထည်ဖော်ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ဗန်းမော်    နိုဝင်ဘာ     ၅

နယ်စပ်ရေးရာဝန်ကြီးဌာနသည် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ အမြန်ဖွံ့ဖြိုးတိုးတက်ရမည် ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ဖွံ့ဖြိုးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်း၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဆောင်ရွက်ပြီးခဲ့သော လုပ်ငန်းများနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ကချင်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးမျိုးသန့်နှင့်အဖွဲ့သည် ယမန်နေ့တွင် မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း ဗန်းမော်ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးထံမှ သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်သွားမည့် ဗန်းမော်မြို့နယ်အတွင်း နတ်ခုတ်-ဗူးတောင်း-ကျောက်အိုက်-နောက်မို လမ်းပေါ်ရှိ (၄၀)ပေ သံကူကွန်ကရစ်တံတားအသစ်(၂)စင်း တည်ဆောက်မည့်မြေနေရာကို လည်းကောင်း၊ မိုးမောက်မြို့နယ် ကျရီဒဂေါ်ကျေးရွာသွားလမ်းပေါ်ရှိ နန့်ကျရီချောင်းကူး(၂၀၀)ပေ နှစ်လွှာ တစ်ထပ်ဘေလီတံတား တည်ဆောက်မည့် မြေနေရာတို့ကို လည်းကောင်း တည်ဆောက်ရေး လုပ်ငန်းများ မစတင်မီ စစ်ဆေးခြင်းဆောင်ရွက်ခဲ့သည်။ အဆိုပါတံတားများ ပြီးစီးပါက နတ်ခုတ်-ဗူးတောင်း-ကျောက်အိုက်-နောင်မို လမ်းပေါ်ရှိ တံတား(၂)စင်းအား ဖြတ်သန်းအသုံးပြုမည့် ကျေးရွာ(၁၈)ရွာ၊ အိမ်ထောင်စုပေါင်း (၁၆၉၄)စု၊ လူဦးရေ(၁၀၄၈၂)ဦးဖြစ်ကြောင်း၊ မိုးမောက်မြို့နယ် ကျရီဒဂေါ်ကျေးရွာသွားလမ်းပေါ်ရှိ နန့်ကျရီ ချောင်းကူး(၂၀၀)ပေနှစ်လွှာ တစ်ထပ်ဘေလီတံတားကို ဖြတ်သန်းအသုံးပြုနေရသော အိမ်ထောင်စု ပေါင်း(၂၄၃)စု၊ လူဦးရေပေါင်း(၁၂၇၁)ဦးတို့၏ သွားလာရေး ပိုမိုအဆင်ပြေလွယ်ကူလာမည် ဖြစ်ကြောင်း သိရသည်။

ဗန်းမော်ခရိုင်အတွင်း၌ နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် လမ်းလုပ်ငန်း(၅)ခု၊ တံတားလုပ်ငန်း(၂၃)ခု၊ အဆောက်အဦဆောက်လုပ်ခြင်းလုပ်ငန်း(၁)ခု ဆောင်ရွက်ခဲ့ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် လမ်းလုပ်ငန်း(၂)ခု၊ တံတားလုပ်ငန်း(၃)ခုနှင့် အဆောက်အဦဆောက်လုပ်ခြင်း လုပ်ငန်း(၁)ခု ထပ်မံအကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)