မြင်းခြံ မတ် ၂၉
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ အမှတ် (၆) စက်မှုသင်တန်းကျောင်းမြင်းခြံနှင့် မြို့နယ်ပညာရေးမှူးရုံးတို့ ပူးပေါင်းဖွင့်လှစ်သည့် လူငယ်အခြေပြုနည်းပညာဆိုင်ရာ ရွေ့လျားသင်တန်း ဆင်းပွဲကို ယနေ့ နံနက် (၉:၃၀) နာရီ အချိန်က အမှတ် (၄) အခြေခံပညာအထက်တန်း ကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အမှတ် (၆) စက်မှုသင်တန်းကျောင်း မြင်းခြံကျောင်းအုပ်ဆရာကြီး ဦးမျိုးကိုကိုက သင်တန်းဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက် အမှာစကား ပြောကြားခဲ့ပြီး မြို့နယ် ပညာရေးမှူး ဒေါ်ခင်မေက ကျောင်းသား/ကျောင်းသူများအတွက် နွေရာသီသင်တန်း လာရောက်ဖွင့်လှစ်ပေးသည့်အတွက် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ထို့နောက် သင်တန်းသား/ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြသည်။
“မြင်းခြံမြို့ပေါ်မှာရှိတဲ့ Grade-9,10,11,12 အထက်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများအတွက် နွေရာသီ ကျောင်းပိတ်ရက်မှာ အသက်မွေးပညာနှင့် ပတ်သက်၍ အသိ ပညာ ဗဟုသုတ ရရှိစေဖို့အတွက် အသက်မွေးပညာဆိုင်ရာ အခြေခံအိမ်တွင်းလျှပ်စစ် သွယ်တန်းခြင်းသင်တန်း ကို ဖွင့်လှစ်ပေးရခြင်း ဖြစ်ပါတယ်”ဟု အမှတ် (၆) စက်မှုသင်တန်း ကျောင်းမြင်းခြံ ကျောင်းအုပ်ဆရာကြီး ဦးမျိုးကိုကိုက ပြောသည်။
အဆိုပါ လူငယ်အခြေပြုနည်းပညာဆိုင်ရာ ရွေ့လျားသင်တန်းအဖြစ် အခြေခံအိမ်တွင်း လျှပ်စစ်သွယ်တန်းခြင်း သင်တန်းကို မတ်လ (၁၉) ရက်နေ့မှ မတ်လ (၂၉) ရက်နေ့အထိ (၂) ပတ်ကြာ သင်ကြားခဲ့ပြီး သင်တန်းသား/ သင်တန်းသူ (၆၀) ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)