ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ သောက်သုံးရေရှားပါးပြတ်လပ်မှုမရှိစေရေးအတွက် သောက်သုံးရေများလှူဒါန်းပေး

ဒဂုံတောင် မတ် ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ ပူပြင်းခြောက်‌သွေ့သောနွေရာသီသို့ ရောက်ရှိလာပြီဖြစ်၍ ရေရှားပါးမှုနှင့် ရေပြတ်လပ်မှုမရှိစေရေးအတွက် သောက်သုံးရေများကို မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက ယမန်နေ့နေ့လယ်ပိုင်းက အောင်ဗောဓိထွန်းကျောင်းသို့ သွားရောက်လှူဒါန်းပေးကြောင်း သိရသည်။

ထိုသို့သွားရောက်လှူဒါန်းရာတွင် ရွာသားကြီးရပ်ကွက်ရှိ သောက်သုံးရေလိုအပ်မှုဖြစ်ပေါ်နေသော အောင်ဗောဓိထွန်းကျောင်းတွင် သောက်သုံးရေပြတ်လပ်မှုမဖြစ်ပေါ်စေရေးအတွက် သောက်သုံးရေ(၈၀၀)ဂါလန်အား မြို့နယ်မီးသတ်ဦးစီးမှူး၊ ဦးစီးအရာရှိဦးမြင်သူဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၅)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၃)ဦးတို့ဖြင့် သွားရောက်လှူဒါန်း‌ပေးကြောင်း သိရှိရသည်။

ရေရှားပါးမှုနှင့် ရေပြတ်လပ်မှုမရှိစေရေးအတွက် သောက်သုံးရေများလိုအပ်ပါက မြို့နယ်မီးသတ်ဦးစီးဌာန ဖုန်းနံပါတ် ၀၁၃၅၉၀၀၇၁ သို့ အကူအညီတောင်းခံနိုင်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။

သန်းသန်းအေး