ကျိုက်မရော မတ် ၂၆
ကျိုက်မရောမြို့နယ်၊ မြွေဟောက်ကျေးရွာ၌ ရာသီပေါ်သီးနှံများနှင့် မုန်လာဥပင်များကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုကြရာ မုန်လာဥများအောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး စျေးကောင်းလည်းရရှိသဖြင့် မိသားစုအပိုဝင်ငွေရရှိကာအဆင်ပြေလျက်ရှိကြောင်း မုန်လာဥအများအပြားစိုက်ပျိုးသူဦးဘဆွေမှ ပြောသည်။
မုန်လာဥပင်များကိုအစေ့မှ တန်းစိုက်ပြီး ၄၅ ရက်ကြာလျှင် အပင်ငယ်များထွက်လာပြီး အပင်ငယ်များကြားရှိမြက်ပင်များကို ခွဲနှုတ်ပေးရကြောင်းမြက်ပင်များ ရှင်းလင်းနိုင်မှသာ မုန်လာဥများကြီးထွားသန်မာပြီး အထွက်နှုန်းကောင်းမှာဖြစ်ကြောင်းသိရသည်။ မုန်လာဥပင်ကို ရက်ပေါင်း ၅၀ ပြည့်လျှင်စတင်တူးဖော်ရပြီးစျေးကွက်တွင် စျေးကောင်းရနေသဖြင့် စီးပွားဖြစ်စိုက်ပျိုးလာကြကြောင်းလည်း သိရသည်။
မုန်လာဥကို အခြားသောငါး၊ ငါးခြောက်စသည်တို့နှင့် ရောနှောချက်စားပါက အလွန်အရသာရှိပြီး ထမင်းလည်းမြိန်သဖြင့် အရောင်းရအားကောင်းသော သီးနှံတစ်ခုဖြစ်ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)