နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်သည့် ဦးမြင့်စိုး၊ ဦးမင်းဦး ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ပြည်သူများအား နေပြည်တော်ကုသရေးဦးစီးဌာန အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းဆေးကုသနေမှုကို ကြည့်ရှုအားပေး

ပုဗ္ဗသီရိ မတ် ၂၉

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ပြည်သူများအား ကျန်းမာစွာနေထိုင်နိုင်စေရန် ရည်သန်၍ ကျန်းမာရေးစောင့်ရှောက်ပေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန် အခြေခံပညာအထက်တန်းကျောင်း၌  ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ အဖွဲ့ဝင်ဦးမင်းဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးဇေယျာမင်း၊ ပုဗ္ဗသီရိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့်အဖွဲ့ဝင်များ၊ နေပြည်တော်ပြည်သူ့ကျန်းမာရေး၊ ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းနိုင်စိုး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၃၀၀) ဆေးရုံအုပ်ကြီး ဒေါက်တာသီတာစိုး၊ ခုတင်-၅၀ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာသိမ့်သိမ့်ထွေး၊ အထူးကုဆရာဝန်ကြီးများ၊ ရပ်ကွက်/ကျေးရွာများမှ ပြည်သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့်တာဝန်ရှိသူများက နေပြည်တော်ကုသရေးဦးစီးဌာန အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းဆေးကုသနေမှုကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်များသည် နေပြည်တော်ပြည်သူ့ကျန်းမာရေး၊ ကုသရေးဦးစီးဌာနမှူး၊ အထူးကုဆရာဝန်ကြီးများနှင့် တွေ့ဆုံရာ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀)၊ လယ်ဝေး(ခုတင်-၁၀၀)ဆေးရုံတို့က အထူးကုကွင်းဆင်းဆေးကုသခြင်းဖြစ်ပြီး နေပြည်တော်အတွင်းမှာရှိသည့် ကုသရေးလက်လှမ်းမမှီသည့်နေရာများကို အထူးသဖြင့် ကွင်းဆင်းပြီး တိုက်ရိုက်ကုသစောင့်ရှောက်ပေးခြင်းဖြစ်ပါသည်။ အဓိက အရည်အသွေးပြည့်ဝသည့် ကုသစောင့်ရှောက်မှုကို ပြည်သူလူထုလက်လှမ်းမှီအောင် တိုက်ရိုက်ကွင်းဆင်း၍ ဆေးကုသခြင်းများကို ဆောင်ရွက်ပေးခဲ့ပြီး နိုဝင်ဘာလမှစ၍ စုစုပေါင်းကိုးကြိမ်မြောက်ရှိပြီဖြစ်ပါသည်။ ထိုသို့ကွင်းဆင်းကုသရာတွင် အထူးကုဆရာဝန် ခုနှစ်ဦးဖြင့် သမားတော်ခွဲစိတ်ဆရာဝန်၊ ကလေးအထူးကု၊ သားဖွားမီးယပ်၊ မျက်စိ၊ သွားနှင့်ခံတွင်း၊ အရိုးစသည့် အထူးကုဆရာဝန်များနှင့်အတူ ကျန်းမာရေးဝန်ထမ်း(၇၀)ဦးခန့်တို့က နေပြည်တော်အတွင်း လှည့်လည်၍ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း သိရသည်။

သို့ဖြစ်ရာ နေပြည်တော်ကောင်စီမှ ကျန်းမာရေးစောင့်ရှောက်မှုခံယူကြသည့် ပြည်သူတစ်ဦးလျှင် ပန်းပေါင်းစုံ ဘုရားတစ်ဆူ၊ ကြက်ဥငါးလုံး၊ ယံယံခေါက်ဆွဲခြောက်ငါးထုပ်တို့အား ပေးအပ်ခဲ့ကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)