မလှိုင် မတ် ၂၉
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ ကိုဝန် ဆောင်မိခင်စောင့်ရှောက်ခြင်းနှင့် ကလေးမီးဖွားပြီး မိခင်အား အားဆေးများနှင့် အဟာရအဖြစ် စားသောက်ဖွယ်ရာများ သွားရောက်ထောက်ပံ့ခြင်းကို ယမန်နေ့နံနက်ပိုင်းက ထန်းတောကျေးရွာ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းပိုင်သားဖွားခန်း၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ထန်းတောကျေးရွာအုပ်စုအတွင်းရှိ မုံပင်လေး၊ အုတ်ကျင်း၊ ထန်းတောကျေးရွာများမှ ကိုယ်ဝန်ဆောင်မိခင်များအား ထန်းတောသား ဖွားခန်းတာဝန်ခံ သားဖွားဆရာမဒေါ်ဝါဝါထွန်းနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေအသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက ကိုယ်ဝန်ဆောင်မိခင်များအား ကိုယ်အလေးချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းပေးခြင်း၊ ကိုယ်ဝန်စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ကျန်းမာရေးနှင့် ပတ်သက်သည့် အသိပညာပေး ဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် တာဝန်ခံ သားဖွားဆရာမတို့က ထန်းတောကျေးရွာမှ မီးဖွားပြီး မဇာဇာအောင်နှင့် ကလေးအား အိမ်တိုင်ရာရောက် သွားရောက်ကြည့်ရှုအားပေးပြီး ကျန်းမာရေးနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များမှာကြားကာ ကလေးမိခင်အား အားဆေးများနှင့်အဟာရအဖြစ် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)