ဝမ်းတွင်းမြို့နယ်၌ ဒေသကြက် “မျိုးဥ” ဈေးကောင်းရ၍ မွေးမြူသူများအဆင်ပြေ

ဝမ်းတွင်း  မတ် ၂၉

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်တွင် ဒေသကြက်တစ်ပိုင်တစ်နိုင် မွေးမြူထားသူများအနေဖြင့် “မျိုးဥ” ဈေးကောင်းရ၍  အဆင်ပြေလျက်ရှိကြောင်း ဒေသကြက် မွေးမြူထားသူ ဦးအေးဟန်ထံမှ သိရသည်။

ဒေသကြက်များသည် လွတ်ကျောင်းသဘောမျိုးမွေးမြူရတာကြောင့် အစာစရိတ်သက်သာတယ်၊ စကွဲနဲ့ စပ်စာကို ကျွေးတယ်၊ အခြားသောကြက်တွေလို အထူးတလည်ဂရုစိုက်စရာမလိုဘူး၊ အကောင်းဆုံးကတော့ ဒေသကြက်တွေအတွက် အရေးကြီးတာက လည်လိမ်ရောဂါပဲ၊ သတ်မှတ် လအတိုင်း မျက်စဥ်းခပ်၊ ထိုးဆေးထိုးပေးထားရင် စိတ်ချရပါတယ်၊ ရာသီအကူးပြောင်းလေးတွေ တစ်ချက်ဂရုစိုက်ပေးရင် အောင်မြင်တဲ့ မွေးမြူးရေးခြံတစ်ခုဖြစ်မှာလို့ ကြက်မွေးမြူသူကရှင်းပြသည်။ ယခုဒေသကြက်ဥ မျိုးဥတစ်လုံး အနိမ့်ဆုံး(၈၀၀)ကျပ်ရှိတယ် တစ်နေ့ကို ခြံကနေ မျိုးဥ (၃၀-၅၀)ကြားထွက်တော့  မိသားစုအဆင်ပြေတာပေါ့၊ ခြံထိလာဝယ်သူတွေများပါတယ် အဓိက စားသုံးတဲ့သူတွေက ကျန်းမာရေးအတွက် အဓိကထား စားသုံးကြတယ်လို့ ရှင်းပြသည်။

အဆိုပါ ဒေသကြက်မွေးမြူသူ ဦးအေးဟန် အနေဖြင့် ဒေသကြက်များအပြင် ကြက်မဲကိုပါ ထည့်သွင်းမွေးမြူထားပြီး “မျိုးဥ” များရောင်းချကာ မိသားစုဘဝအဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကိုရဲ(ဝမ်းတွင်း)