သာစည် မတ် ၂၉
မန္တလးတိုင်းဒေသကြီး၊ သာစည်မြို့နယ် လူမှုဖူလုံရေးအဖွဲ့ရုံး၌ အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများမှ အာမခံအလုပ်သမား ၂၄ ဦးတို့အား ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးအကျိုးခံစားခွင့်ဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ထုတ်ပေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက အဆိုပါရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အကျိုးခံစားခွင့်များထုတ်ပေးပွဲ၌ ရှေးဦးစွာ မြို့နယ်လူမှုဖူလုံရေးအဖွဲ့ရုံးမှ ဦးစီးအရာရှိဒေါ်ဂျိုတီးက ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် အကျိုးခံစား ခွင့်များကို ထုတ်ပေးရာ အလုပ်တွင်ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှုနှင့်ဆိုင်သည့် ငွေလုံးငွေရင်း အကျိုးခံစားခွင့်ရရှိသူနှစ်ဦးအတွက် ငွေကျပ် ၆၇၅၁၀၈၀၊မီးဖွားမှုနှင့်ဆိုင်သည့် ဆေးဖိုးကုန်ကျစရိတ်ပြန်လည်ပေးအမ်းခြင်းအတွက် အာမခံထားသူ ၉ ဦးတို့အား ငွေကျပ် ၄၇၀၁၀၀၀၊ မကျန်းမာမှုနှင့်ဆိုင်သည့် ဆေးဖိုးကုန်ကျစရိတ် ပြန်လည်ပေးအမ်းခြင်းအတွက် အာမခံထားသူ ၁၃ ဦးတိုးအား ငွေကျပ် ၂၉၄၇၀၉၃၊ စုစုပေါင်းအာမခံအလုပ်သမား ၂၄ ဦးတို့အတွက် အကျိုးခံစားခွင့် ငွေကျပ်ပေါင်း ၁၄၃၉၉၁၇၃ အား တာဝန်ရှိသူများက ထုတ်ပေးခဲ့ကြောင်း သိရသည်။
အကျိုးခံစားခွင့်ထုတ်ပေးပွဲသို့ လူမှုဖူလုံရေးအဖွဲ့ရုံးနှင့်ဆေးခန်းမှ တာဝန်ရှိသူများ၊ မဟာဓာတ်အားလိုင်းမှူးရုံးမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာအလုပ်ဌာနများမှ အလုပ်ရှင်နှင့်အလုပ်သမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သာစည်မြို့နယ်လူမှုဖူလုံရေးအဖွဲ့ရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာန ၁၀၉ ဌာန၊ အကျုံးဝင် မှတ်ပုံတင်ထားသော အလုပ် သမား ၄၃၁၆ ဦးရှိကြောင်းသိရပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း အလုပ်သမား ၁၄၁၄ ဦး တို့အတွက် အကျိုးခံစားခွင့်ငွေကျပ် သိန်းတစ်ထောင်ကျော် ထုတ်ပေးခဲ့ကြောင်း ဦးစီးအရာရှိထံက သိရသည်။
မြို့နယ်(ပြန်/ဆက်)