ချမ်းအေးသာစံ မတ် ၂၉
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ၂၀၂၄ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲ ကျင်းပနေသည့် စာဖြေဌာနများသို့ ယမန်နေ့ မွန်းလွဲပိုင်းက သွားရောက်ကာ စာဖြေဌာန ကြီးကြပ်ရေးအဖွဲ့ ဆရာတော်ကြီးများဖူးမြော်၍ စာဖြေသံဃာတော်နှင့်သီလရှင်များ ဖြေဆိုနေမှုများကို လိုက်လံကြည့်ရှု ကြည်ညိုကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အစိုးရဓမ္မာစရိယစာမေးပွဲ ကျင်းပနေသည့် ပြည်ကြီးတံခွန်မြို့နယ်ရှိ အမှတ်(ဎဂ)စာဖြေဌာန၊ မဟာသုန္ဒရာ ရာမပရိယတ္တိစာသင်တိုက်သို့လည်းကောင်း၊ အမှတ်(ဎခ)စာဖြေဌာန၊ မဟာအောင်မြေမြို့နယ်ရှိ အမှတ်(၁၃) အခြေခံ ပညာအထက်တန်းကျောင်းသို့လည်းကောင်း၊ အမှတ်(ဎက)စာဖြေဌာန၊ ချမ်အေးသာစံမြို့နယ်ရှိ အမှတ်(၁၆) အခြေခံပညာအထက်တန်း ကျောင်းသို့လည်းကောင်း ရောက်ရှိပြီး အစိုးရဓမ္မာစရိယ စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဆရာတော်ကြီးများအားဖူးမြော်၍ ဩဝါဒများခံယူပြီး စာဖြေ ခန်းများတွင် စာဖြေသံဃာတော်များ၊ သီလရှင်များအေချမ်းစွာဖြင့် စာဖြေဆိုနေမှုကို လိုက်လံ ကြည့်ရှုကြည်ညိုကာ တိုင်းဒေသကြီးသာသနာရေးဦးစီးမှူးနှင့်တာဝန်ရှိသူများက တိုင်းဒေသကြီးအတွင်း အစိုးရဓမ္မာစရိယစာမေးပွဲစာဖြေဌာန ၁၀ ခု ဖွင့်လှစ်ဆောင်ရွက် ထားရှိမှုနှင့် ဝင်ရောက်ဖြေဆိုမှု အခြေအနေများကို လိုက်ပါရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဆရာ တော်ကြီးများ၊ စာဖြေသံဃာတော်များနှင့် သီလရှင်များ စိတ်ချမ်းမြေ့စေရေး အလေးထားဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား မှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ချမ်းအေးသာစံမြို့နယ်၊ မဟာဝိဇိတာရုံကျောင်းတိုက်ရှိ အဂ္ဂဂ္ဂါဘိဓဇရတနာကံကော်ကျောင်းသို့ ရောက်ရှိပြီး မတ် ၂၇ ရက် မွန်းလွဲပိုင်းက ဘဝနတ်ကျောင်း ရွှေ့ပြောင်းစံတော်မူသွားသည့် ချမ်းအေးသာစံမြို့နယ် သံဃာနာယကဥက္ကဋ္ဌ(ရွှေကျင်)၊မဟာဝိဇိတာရုံ ကျောင်းတိုက်၊ တိုက်အုပ်ဆရာတော်၊ အဂ္ဂမဟာသဒ္ဓ ဇောတိကဓဇဘဒ္ဒန္တဝဏ္ဏိတ၊ သက်တော် (၈၁)၊ ဝါတော် (၆၁)ဝါ ဥတုဇရုပ်ကလာပ်တော်မြတ်အား ဖူးမြော်ပြီး မဟာဝိဇိတာရုံကျောင်းတိုက်၊ တိုက်ကြပ်ဆရာတော် ဘဒ္ဒန္တယာနိက (သာသနဓဇဓမ္မာစရိယ၊ ဥဘတောဝိဘင်္ဂဓရ) ဆရာတော်အမှူးပြုသော ဆရာတော်သံဃာတော်များအား ဖူးမြော်ကြည်ညို၍ အန္တိမအဂ္ဂိဈာပနသာဓုကီဠနသဘင် ကျင်းပရေးနှင့် စပ်လျဉ်း၍ ဩဝါဒများခံယူကာ တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားပြီး အန္တိမအဂ္ဂိဈာပနသာဓုကီဠနသဘင်အတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်