ချမ်းအေးသာစံ မတ် ၂၉
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စေတနာရှင် ပြည်သူများမှ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေး တပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများ တတိယအကြိမ် ပေးအပ်နိုင်ရေးအတွက် ချမ်အေးသာစံမြို့နယ် မြို့တော်ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက ပြင်ဆင်ထုပ်ပိုးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများ တတိယအကြိမ် ပေးအပ်နိုင်ရေးအတွက် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမောင်နှင့် တာဝန်ရှိသူများမှ ဦးဆောင်၍ ကော်မတီဝန်ထမ်း စုစုပေါင်းအင်အား ၂၀၀ ဦးခန့်မှ ပြင်ဆင်ထုပ်ပိုးခြင်း ဆောင်ရွက်ရာသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်းနှင့် တာဝန်ရှိသူများ လာရောက် ကြည့်ရှုအားပေးခဲ့ပြီး ဝန်ကြီးချုပ်မှ ပြင်ဆင်ထုပ်ပိုးခြင်းဆောင်ရွက်နေကြသူများအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်အားပေး၍ တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စေတနာရှင်ပြည်သူများမှ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင် (၆၀၀)ဦးအတွက် တစ်ဦးလျှင် (၇) ရက်စာ ရိက္ခာအဖြစ် ဂျူးပဲပုတ်ကြော်၊ မြေပဲဆံကြော်၊ ပဲဆံကြော်၊ လက်ဖက်၊ ငနီတူကြော်၊ ငပိထောင်း၊ ခေါက်ဆွဲခြောက်၊ Royal D၊ ကော်ဖီမစ် စသည့် စားသောက်ဖွယ်ရာ (၉)မျိုးပါ အထုပ်များအား သက်ဆိုင်ရာဌာနများမှတစ်ဆင့် ဆက်သွယ်ပေးပို့သွားမည်ဖြစ်ကာ ပထမအကြိမ်အဖြစ် ၁၃.၂.၂၀၂၄ ရက်နေ့တွင် လုံခြုံရေး တပ်ဖွဲ့ဝင် (၂၀၀၀) ဦးအတွက် စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ၂၇.၂.၂၀၂၄ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင် (၂၀၀၀) ဦးအတွက် စားသောက်ဖွယ်ရာများကို လည်းကောင်း အသီးသီးပေးပို့ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းနိုင်(ပြန်/ဆက်)