ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ မြှင့်တင်ရေးဆွေးနွေးပွဲ (၂ဝ၂၄) တက်ရောက်အားပေး

မန္တလေး မတ် ၂၉

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ မြှင့်တင်ရေးဆွေးနွေးပွဲ (၂၀၂၄) ကို ယနေ့ နံနက်ပိုင်းက မန္တလေးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

အဆိုပါ ဆွေးနွေးပွဲကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အခွင့်အလမ်းများကို ပိုမိုသိရှိနိုင်စေရန်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဆက်စပ်သည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို နားလည်စေရန်၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ရရှိနိုင်သည့်ခံစားခွင့်၊ သက်သာခွင့်များကို အကျွမ်းတဝင်ရှိစေရန်နှင့် လုပ်ငန်းရှင်များ၏ ကြုံတွေ့ရသည့် အခက်အခဲများကို ပေါင်းစပ်ညှိနှိုင်းကူညီပေးရန် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်သည်။

ရှေးဦးစွာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က မန္တလေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ စီးပွားရေးဗဟိုချက်နေရာ (Growth Pole) တစ်ခုဖြစ်ပြီး အဓိကကျသည့် ကုန်သွယ်ရေးလမ်းကြောင်းများနှင့် ချိတ်ဆက်ထားနိုင်ပါကြောင်း၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံနှင့် မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးတို့ ဆုံရာလမ်းဖြစ်သည့်အတွက်လည်း အရေးပါသည့်နေရာတွင် တည်ရှိနေပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ပြည်တွင်း/ နိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် လိုအပ်သည်များကို စိစစ်ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် ယနေ့ အခမ်းအနားကို ကျင်းပ၍ အားပေးဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် လက်ရှိလုပ်ငန်းများ ပိုမိုအခြေခိုင်မာစွာ လည်ပတ်နိုင်ပြီး ဒေသထုတ်ကုန်များ ထုတ်လုပ်မှုတိုးတက်လာစေရန် ကြိုးပမ်းကြစေလိုပါကြောင်း ပြောကြားသည်။

ယင်းနောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က မြန်မာနိုင်ငံရှိ စိုက်ပျိုးရေးကဏ္ဍ၌ စုစုပေါင်း ဝါစိုက်ဧက ငါးသိန်းရှိသည့်အနက် မန္တလေးတိုင်းဒေသကြီးအတွင်း ဝါစိုက်ဧက ၁ ဒသမ ၉ သိန်းရှိပါကြောင်း၊ ဝါကို ကုန်ကြမ်းအဖြစ်သာ ထုတ်လုပ်နေခြင်းထက် တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် ပြောင်းလဲ၍ တိုးချဲ့ထုတ်လုပ်ကြစေလိုကြောင်း၊ လျှပ်စစ်စွမ်းအင်ကဏ္ဍနှင့် ပတ်သက်၍လည်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု လုပ်ငန်းများကိုလည်း လုပ်ဆောင်ကြစေလိုကြောင်း၊ နိုင်ငံ တော်၏ စားသုံးဆီလိုအပ်ချက် ဖူလုံစေရေးအတွက် ဆီလုပ်ငန်းရှင်များကို ချေးငွေထုတ်ချေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ သာမက ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုများကိုလည်း အလေးပေးဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။

အစီအစဉ်အရ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က “မန္တလေးတိုင်းဒေသကြီး၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများ” ခေါင်းစဉ်ကို Power Point Presentation ဖြင့် ဆွေးနွေးပြောကြားသည်။

ယင်းနောက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို မြှင့်တင်အားပေးခြင်း စကားဝိုင်း ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ကျွမ်းကျင်သူများက ပါဝင်ဆွေးနွေးကြပြီး တက်ရောက်လာသူများ၏ မေးခွန်းများကို ပြန်လည်ဖြေကြားကြသည်။

အခမ်းအနားသို့ မန္တလေးမြို့တော်ဝန်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနများနှင့် အသင်းအဖွဲ့များမှ ဖိတ်ကြားထားသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်းလူဦးရေ ၂၂၀ ခန့် တက်ရောက်ခဲ့ကြသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)