သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးမြင့်စိုး ဝမ်းတွင်းမြို့နယ်အတွင်းရှိ ဝါစိုက်တောင်သူများနှင့် တွေ့ဆုံ

မိတ္ထီလာ မတ် ၂၉

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး ဝမ်းတွင်းမြို့နယ်အတွင်းရှိ ဝါစိုက်တောင်သူများနှင့် တွေ့ဆုံပွဲကို ယမန်နေ့နံနက် ၁၁ နာရီခွဲအချိန်က ဝမ်းတွင်းမြို့နယ် ရွှေတောင်ဝါသီးနှံသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးက အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာနအနေဖြင့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများသာ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုအခါ သမဝါယအသင်းများဖွဲ့စည်းပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးတောင်သူများအား စိုက်ပျိုးရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရန် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဝါစိုက်တောင်သူများအနေဖြင့် ဝါကို စိုက်ပျိုးသည့်အဆင့်တွင် မဟုတ်ဘဲ ဝါဂွမ်းထုတ်လုပ်မှုအထိ စိုက်ပျိုးထုတ်လုပ်နိုင်ရန်  ယခုလို ဝါစိုက်တောင်သူများနှင့် တွေ့ဆုံ၍ ဝါတစ်ဧက အထွက်နှုန်းတိုးတက်စေရန် လိုအပ်သည့် ဝါမျိုးစေ့များ၊ သွင်းအားစုများ၊ နည်းပညာများ၊ ပိုးမွှားကာကွယ်ရေးဆေးများနှင့် စိုက်ပျိုးရေ လုံလောက်စွာရရှိနိုင်စေရန် ပံ့ပိုးကူညီပေးနိုင်ရန် တွေ့ဆုံခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ၎င်းနောက် မိတ္ထီလာခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန္ဒာလင်းက ဝါစိုက်ပျိုးရာတွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး အသေးစားစက်မှုလက်မှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်လတ်က ဝါကြိတ်ခွဲရာတွင် တောင်သူများ လိုအပ်သည့် ဝါကြိတ်ခွဲစက်များ ပံ့ပိုးကူညီပေးဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ဝမ်းတွင်းမြို့နယ်အတွင်းရှိ ဝါစိုက်တောင်သူများက ဝါစိုက်ပျိုးရာတွင် လိုအပ်လျက်ရှိသည့် စိုက်ပျိုးရေ၊ ကုန်ထုတ်လမ်းများနှင့် ပတ်သက်၍ တင်ပြကြရာ ဒုတိယဝန်ကြီး ဦးမြင့်စိုးက တင်ပြချက်များအား သက်ဆိုင်ရာဌာနများမှ ကွင်းဆင်းစစ်ဆေးပြီး အမြန်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ရွှေတောင်ဝါသီးနှံသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေး ခြံမှ ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသည့် ဝါ၊ ဝါစေ့နှင့် စက်မှုဇုံမှ ကြိတ်ခွဲလျက်ရှိသည့် ဝါစေ့ဖတ်၊ ဝါစေ့ဆီ များအား ကြည့်ရှုအားပေးခဲ့သည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)