ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အထွေထွေပိုလျှံရန်ပုံငွေ(GRF)သို့ ပြန်လည်အပ်နှံမည့် အသုံးစရိတ်များနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

စစ်တွေ   မတ်  ၂၉

ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သောဌာန၊ အဖွဲ့အစည်းများ၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အထွေထွေ ပိုလျှံရန်ပုံငွေ(GRF)သို့ ပြန်လည်အပ်နှံမည့် အသုံးစိရိတ်များနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်း အဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သောဌာန၊ အဖွဲ့အစည်းများမှ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ယနေ့အစည်းအဝေးသည် ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေတွင်ပါဝင်သောဌာန၊ အဖွဲ့အစည်းများ၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အထွေထွေပိုလျှံရန်ပုံငွေ(GRF)သို့ နောက်ဆုံးအကြိမ်ပြန်လည်အပ်နှံမှုနှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် ၂၀၂၃ခုနှစ် ငွေလုံးငွေရင်းနှင့်ပတ်သက်ပြီး မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့်လုပ်ငန်းများကို သတ်မှတ်သည့်အချိန်အတွင်း လုပ်ဆောင်နိုင်ခြင်းမရှိကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်နေရသည့် အတွက်ကြောင့် လုပ်ငန်းများပြီးဆုံးသည့်အခါမှ ငွေလုံးငွေရင်းနှင့်ပတ်သက်သော တင်ဒါခေါ်ယူသည့်လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရကြောင်း၊ ထို့ပြင်နယ်မြေလုံခြုံရေးမတည်ငြိမ်မှုများ ဖြစ်ပေါ်လျက်ရှိသည့်အတွက် ဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်ရာတွင် အခက်အခဲပေါင်းများစွာရှိခဲ့ကြောင်း၊ အလားတူ နယ်မြေအခြေအနေကြောင့် ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ လမ်းပန်းဆက်သွယ်ရေးအကန့်အသတ်ရှိခြင်း၊ လုပ်ငန်းများကို အချိန်မီမလုပ်ဆောင်နိုင်ခြင်းတို့ကြောင့် ငွေလုံးငွေရင်း ရန်ပုံငွေများကို အပ်နှံရခြင်းဖြစ်ကြောင်း၊ သို့သော်လည်း ဆောင်ရွက်သည့် လုပ်ငန်းများတွင် မိမိတို့ နိုင်သလောက်လုပ်ဆောင်ပြီး ပြန်လည်အပ်နှံခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲကလည်း တည်ငြိမ်အေးချမ်းမှုရှိလာသည့်အခါ လုပ်ငန်းဆောင်ရွက်၍ရကြောင်း လမ်းညွှန်မှာ ကြားထားကြောင်း၊ နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေဖြစ်သည့်အတွက် လုပ်ငန်းစတင်သည့် အချိန်မှစ၍ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ယခုအစည်းအဝေးတွင် ပြန်လည်အပ်နှံသင့်သည့်ကိစ္စရပ်များ၊ ငွေလုံးငွေရင်းအသုံးစရိတ် များကို ပြန်လည်အပ်နှံ ရန်လိုအပ်ကြောင်း၊ ပြန်လည်အပ်နှံထားသည့် ရန်ပုံငွေများကိုလည်း နိုင်ငံတော်အတွက် လိုအပ်သည့်နေရာများတွင် ပြန်လည်အသုံးချကာ လိုအပ်သည့်ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးကိစ္စများနှင့် လုံခြုံရေးကိစ္စများတွင် အကျိုးရှိအောင် အသုံးချသွားမည် ဖြစ်ကြောင်းနှင့် အသုံးစရိတ်များကို နိုင်ငံတော်အတွက်လည်း အကျိုးရှိအောင်၊ မိမိတို့ပြည်နယ်အတွက်လည်း နောင်ပြန်လည်ပြီးဆောင်ရွက်နိုင်အောင်စနစ်တကျ ဆောင်ရွက်ရန်လိုအပ်မည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သောဌာန၊ အဖွဲ့အစည်းများက မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်ခဲ့မှုနှင့် ပြန်လည်အပ်နှံမည့် အသုံစရိတ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)