နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲအခမ်းအနား တက်ရောက်

နေပြည်တော် မတ် ၂၉

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေး ချေးငွေဆိုင်ရာ အသိပညာပေးခြင်းဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် နေပြည်တော်ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ နေပြည်တော်အတွင်းရှိ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ဆီစက်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့်အတူသို့ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ MSME လုပ်ငန်းများအပါအဝင် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ သက်ဆိုင်ရာလုပ်ငန်းများ အလိုက်ခွဲဝေပြီး လုပ်ငန်းရှင်နှင့် တောင်သူများကို အတိုးနှုန်းသက်သာစွာဖြင့် ချေးငွေများထုတ်ချေးပေးလျက် လုပ်ငန်းအရင်းအနှီးများရရှိအောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊  နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပြည်တွင်းရှိ ဆီစက်များအဆင့်မြှင့်တင်ခြင်း၊ ခေတ်မီဆီစက်အသစ်များ ထပ်မံတည်ဆောက်ခြင်းနှင့် လုပ်ငန်းသုံးရင်းနှီးလည်ပတ်ငွေ လိုအပ်ချက်များ အထောက်အကူဖြစ်စေရန် ရည်ရွယ်ပြီး ချေးငွေများ ထုတ်ချေးပေးလျက်ရှိသည့်  အစီအစဉ်ကို လုပ်ငန်းရှင်များ၊ တောင်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် အသိပညာပေး ဆွေးနွေးကျင်းပခြင်းဖြစ်ကြောင်း၊ နေပြည်တော်အတွင်း ဆီထွက်သီးနှံများမှ မြေပဲ၊ နှမ်း၊ နေကြာတို့ကို အများဆုံးစိုက်ပျိုးလျက်ရှိပြီး စားသုံးဆီများထုတ်လုပ်လျက်ရှိကြောင်း၊ ဆီစက်လုပ်ငန်းရှင်များအနေဖြင့် ချေးငွေရယူနိုင်မှာဖြစ်သည့်အတွက် ချေးငွေများကို မှန်ကန်စွာအသုံးချပြီး သတ်မှတ်ချိန်များတွင် ပြန်လည်ပေးဆပ်ခြင်းဖြင့် စိုက်ပျိုးရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်မြင့်မားအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နေပြည်တော်အတွင်း စားသုံးဆီလိုအပ်ချက်များ ရာနှုန်းပြည့် ထုတ်လုပ်နိုင်ပြီး အခြားတိုင်းဒေသကြီးများသို့ ထုတ်လုပ်ပေးပို့ နိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေး ချေးငွေသည် ဆီစက်လုပ်ငန်းရှင်များအတွက် သာမက ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်နေကြသည့် တောင်သူများအတွက်လည်း အကျိုးရှိသလို စားသုံးဆီများကို နေ့စဉ်နှင့်အမျှ စားသုံးနေကြသည့် ပြည်သူလူထုအတွက်လည်း အရည်အသွေးပြည့်ဝသည့် စားသုံးဆီများ စားသုံးနိုင်စေမှာဖြစ်သည့်အတွက် ထိရောက်ကောင်းမွန်သည့် အစီအစဉ်ဖြစ်ကြောင်း၊ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေများကို ထိရောက်စွာ အသုံးချပြီး စဉ်ဆက်မပြတ် အောင်မြင်စေရေးအတွက်လည်း ဆီစက်လုပ်ငန်းရှင်များ၊ တောင်သူများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများအားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် တာဝန်ရှိသူများက ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၏ လုပ်ငန်းတာဝန်များ၊ လုပ်ငန်းဆောင်ရွက်မှုများ၊ စည်းကမ်းသတ်မှတ်ချက်များနှင့် ချေးငွေအဆိုပြုလွှာများနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍများအလိုက် အသေးစိတ်ရှင်းလင်းဆွေးနွေးကြသည်။

ထို့နောက် တက်ရောက်လာကြသည့် ဆီစက်လုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားပြီး ဆီစက်လုပ်ငန်းရှင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)