ဒက္ခိဏသီရိမြို့နယ်အတွင်း ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် မတ် ၂၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ပြည်သူများအား ယမန်နေ့နံနက်ပိုင်းက ဒက္ခိဏသီရိမြို့နယ်၊ ရွှေသဲဖြူဘုန်းတော်ကြီးကျောင်း၌ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ ဒက္ခိဏသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ ဒက္ခိဏသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို လုပ်ငန်းကြီး ၇ ရပ်ဖြင့် ဆောင်ရွက်ပေးခဲ့ရာ အရည်အသွေးပြည့်ဝသော ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုလုပ်ငန်းများ၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းများ၊ အာဟာရစောင့်ရှောက်မှုလုပ်ငန်းများ၊ မျိုးဆက်ပွားကျန်းမာရေးလုပ်ငန်းများ၊ ကူးစက်ရောဂါများ ကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းများ၊ မကူးစက်ရောဂါများ ကာကွယ်ကုသရေးလုပ်ငန်းများ၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးလုပ်ငန်းများကို ဦးတည်အုပ်စုများအလိုက် ဆောင်ရွက်ပေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထပ်ဆောင်းထိုးနှံသူ ၂၈ ဦး၊ ပုံမှန်ကာကွယ်ဆေးထိုးနှံသူ ၈၅ ဦး၊ အာဟာရစောင့်ရှောက်မှုပေးသူ ၃၆ ဦး၊ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုပေးသူ ၆ ဦး၊ မျိုးဆက်ပွားကျန်းမာရေးစောင့်ရှောက်မှုပေးသူ ၈ ဦး၊ အထွေထွေရောဂါ(သွေးတိုး၊ ဆီးချို)ရောဂါစစ်ဆေးသူ ၄၉ ဦး၊ ငှက်ဖျားရောဂါပိုးစစ်ဆေးသူ ၁၅ ဦး၊ တီဘီရောဂါပိုးစစ်ဆေးသူ ၅ ဦး စုစုပေါင်း လူဦးရေ ၂၃၂ ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး အိမ်ထောင်စု ၁၀၀ အား ဆေးစိမ်ခြင်ထောင်အလုံး ၁၀၀ ကို ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သန်းနိုင်စိုးထံမှ သိရသည်။

မျိုးသီဟ(ပြန်/ဆက်)