နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂၀၂၄ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲတွင် ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် စာမေးပွဲအထူးကြီးကြပ်ဆရာတော်များအား နေ့ဆွမ်းဆက်ကပ်ခြင်းနှင့် စာဖြေသံဃာတော်များအတွက် ဆွမ်းစရိတ်များ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား တက်ရောက်

နေပြည်တော် မတ် ၂၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲတွင် ဩဝါဒါစရိယဆရာတော်ကြီးများနှင့် စာမေးပွဲအထူးကြီးကြပ်ဆရာတော်များအား နေ့ဆွမ်းဆက်ကပ်ခြင်းနှင့် စာဖြေသံဃာတော်များအတွက် ဆွမ်းစရိတ်များ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့၊ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ်မင်္ဂလာဇေယျုံကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ မထေရ်မြတ်အမှူးပြုသော ဆရာတော်သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။

အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ပရိတ်သတ်များက ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ်မင်္ဂလာဇေယျုံ ကျောင်းတိုက်ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ မထေရ်မြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ထို့နောက် ဆရာတော်သံဃာတော်များ ရွတ်ပွားသရဇ္ဈယ်တော်မူကြသည့် မေတ္တာသုတ် ပရိတ်တရားတော်များကို နာယူကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ မထေမြတ်ရ်ထံ လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းစရိတ်အလှူငွေများကို ဆက်ကပ်လှူဒါန်းရာ ဆရာတော်ကြီးက အလှူရှင်ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ချီးမြှင့်သည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆရာတော် သံဃာတော်များထံ လှူဖွယ်ပစ္စည်းများ အသီးသီးဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အဖွဲ့ဝင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်စည်သာ ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဝိစက္ခဏ မဟာထေရ်မြတ်ထံမှ ပရိတ်သတ်များက အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းကြသည်။

အခမ်းအနားအပြီးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများက ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

အဆိုပါ ၂၀၂၄ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲကို နေပြည်တော်အတွင်းရှိ ပျဉ်းမနားမြို့နယ်၊ တပ်ကုန်းမြို့နယ်နှင့် လယ်ဝေးမြို့နယ်တို့တွင် မတ်လ ၂၈ ရက်နေ့မှ ဧပြီလ ၅ ရက်နေ့အထိ ကျင်းပမည်ဖြစ်ရာ သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များက ဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)