လားရှိုးမြို့တွင် ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် အစည်းအဝေးပြုလုပ်

လားရှိုး မတ်လ ၂၉

ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးတို့အတွက် ဌာနဆိုင်ရာများ၊ ကျေးရွာဥက္ကဋ္ဌများ၊ ရပ်ကျေးစာရေးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီအချိန်က လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

အစည်းအဝေးတွင် လားရှိုးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဦးက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေပါပြဌာန်းချက်များ၊ ပြည်သူ့စစ်မှုထမ်း ဥပဒေ၏ ရည်ရွယ်ချက်များ၊ စစ်မှုထမ်းရမည့်အသက်အရွယ်၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ပတ်သက်၍ သိကောင်းစရာများ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်နိုင်ကြရန်၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာကိစ္စရပ်များ၊ မြို့ရွာသန့်ရှင်းသာယာလှပစေရေး၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ရှင်းလင်းဆွေးနွေးမှာကြားသည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒုတိယပြည်နယ်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးလင်းအောင်နှင့် တာဝန်ရှိသူတို့က Biometric Data ကောက်ယူ၍ UID (Unique Identigication Number) ထုတ်ပေးရေးလုပ်ငန်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသူများက မိမိတို့၏ကျေးရွာအလိုက်၊ ရပ်ကွက်အလိုက် လုပ်ငန်း ဆောင်ရွက်နေမှုများ၊ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ တာဝန်ရှိသူတို့က ဖြည့်စွက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)