အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားဆေးရုံကြီး(မန္တလေး)၌ ကျောက်ကပ်တုသွေးသန့်စင်စက် လှူဒါန်းပွဲသို့ ဒုတိယဝန်ကြီးတက်ရောက် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်

မန္တလေး မတ် ၂၉

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့သည် မြန်မာနိုင်ငံအထက်ပိုင်းရှိ အကျုံးဝင် အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုလွယ်ကူထိရောက်စေရန် ရည်ရွယ်၍  အလုပ်သမားဆေးရုံကြီး(မန္တလေး)အား ၃-၃-၁၉၈၃ ရက်နေ့တွင် အုတ်မြစ်ချ စတင်တည်ဆောက်၍ ၁၅-၅-၁၉၉၀ ရက်နေ့တွင် ခုတင် (၁၅၀) ဆံ့ ဆေးရုံကြီးအဖြစ် တိုးချဲ့ဖွင့်လှစ်ခဲ့ပြီး ပြင်ပလူနာဌာန၊ ဓာတ်မှန်ဌာန၊ ဓာတ်ခွဲဌာန၊ အကြောအဆစ်ကုသမှုဌာန၊ သွားနှင့်ခံတွင်းကုသဌာန၊ မျက်စိကုသဆောင်၊ အရိုးကုသဆောင်၊ ဖျားနာကုသဆောင်၊ ခွဲစိတ်ကုသဆောင်၊ သားဖွားမီးယပ်ကုသဆောင်၊ မေ့ဆေးဌာနနှင့် ခွဲစိတ်ကုသဆောင်ဟူ၍ ဆေးကုသဆောင်များထားရှိ ကုသပေးလျက်ရှိပါသည်။ ပြင်ပလူနာများအား ကုသပေးခြင်းနှင့် လိုအပ်ပါက အတွင်းလူနာအဖြစ် ကုသပေးခြင်း၊ ခွဲစိတ်ကုသပေးခြင်းများကို အလေးထား ဆောင်ရွက်ပေးလျက်ရှိရာ နာတာရှည်ကျောက်ကပ်ရောဂါ ခံစားနေရသော အာမခံအလုပ်သမား လူနာများအတွက် ကျောက်ကပ်တုသွေးသန့်စင်စက် (၂) လုံးကို ၂၉-၁၁-၂၀၂၃ ရက်နေ့တွင် တပ်ဆင်၍ ကျောက်ကပ်သန့်စင်ဆေးကြောပေးလျက်ရှိရာ လူနာဦးရေ (၈)ဦးကို အကြိမ်ရေ (၆၄) ကြိမ်တိုင် ဆေးကြောပေးခဲ့ပြီး ဖြစ်ပါသည်။

ယခုအခါ ပိုမိုကောင်းမွန်ပြည့်စုံသော ကျောက်ကပ်သန့်စင်ဆေးကြောခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးနိုင်ရန် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၅၉ လမ်းနှင့် (၁၁၄-B) လမ်းထောင့်ရှိ “နေလဖောင်ဒေးရှင်း” မိသားစုမှ တန်ဖိုးငွေကျပ် ၆၃,၀၀၀,၀၀၀/- (ကျပ် ခြောက်ရာ သုံးဆယ်သိန်းတိတိ) တန်ဖိုးရှိသည့် NIKKISO DBB-27 made in JAPAN စက် (၂) လုံးကို “နေလဖောင်ဒေးရှင်း”၏ Founder ဖြစ်သော ဦးလောဝူး ကွယ်လွန်ခြင်း (၁၄) နှစ်ပြည့် အထိမ်း အမှတ်အဖြစ် ၂၈-၃-၂၀၂၄ ရက်နေ့တွင် ကျန်ရစ်သူ သား/သမီးများမှ လှူဒါန်းလာသဖြင့် ကျောက်ကပ်တုသွေးသန့်စင်စက် (၂) လုံး လှူဒါန်းပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခြင်း အခမ်းအနားကို အလုပ်သမားဆေးရုံကြီး (မန္တလေး)၌ ၂၈-၃-၂၀၂၄ ရက်နေ့တွင် ကျင်းပခဲ့ရာ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန် တက်ရောက်လက်ခံ၍ ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)