တာချီလိတ် မတ် ၂၈
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ကျောင်းတိုက်ကြီး၏ ပဓာနနာယက၊ နိုင်ငံတော်ဩဝါဒါစရိယအဖွဲ့ဝင် (အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ) ဒေါက်တာဘဒ္ဒန္တဓမ္မသီရိ၏ အန္တိမအဂ္ဂိဈာပနပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကော်မတီများအလိုက် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ယနေ့နံနက်ပိုင်းက ကျိုင်းတုံမြို့၊ သီလဓမ္မကုန်းသာတောရကျောင်းတိုက်၊ ဝစီပိတ်ဆရာတော် ဘဒ္ဒန္တကောဝိဒနှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်းတို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ဦးစွာ ဈာပနကွင်းအတွင်း လောင်တိုက်တည်ဆောက်နေမှု၊ ယာယီစံကျောင်း၊ မဏ္ဌပ်များ၊ ရေ၊ မီး၊ မိလ္လာနှင့် ယာဉ်ရပ်နားကွင်းများ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီးလုပ်ငန်းများ သတ်မှတ်ရက်အမီပြီးစီးရေး မှာကြားခဲ့သည်။
ထို့နောက် မဟာမြတ်မုနိကျောင်းတိုက်တွင် အစည်းအဝေးကျင်းပရာ စစ်ဗျူဟာ(အခြေချ) တာချီလိတ်၊ ဗျူဟာမှူးဗိုလ်မှူးကြီးသူရဇော်လွင်စိုးနှင့် တာဝန်ရှိသူတို့က ဆရာတော်၏ ဈာပနစည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုနှင့် လုပ်ငန်းလိုအပ်ချက်များအား ရှင်းလင်းတင်ပြရာ ဆရာတော် ဘဒ္ဒန္တကောဝိဒနှင့် တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်းတို့က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)