ကျောက်ဆည် မတ် ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ ဖောင်ရွာရပ်၊ နေလသုခဗိမာန် (ဗြဟ္မဝိဟာရ) လေးထပ်ဆောင်ခန်းမတွင် သာသနာတော်သန့်ရှင်းရေးနှင့် တည်တံ့ပြန့်ပွားရေး၏ အခြေခံမူရင်းဖြစ်သော ပရိယတ္တိသာသနာတော် ထွန်းကားပြန့်ပွားစေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ (၁) နာရီက အစိုးရဓမ္မာစရိယ စာမေးပွဲ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ဓမ္မာစရိယစာမေးပွဲ ကျင်းပရာတွင် ပါရာဇိကကဏ္ဍပါဠိကထာ ကျမ်းရင်း(၁)ဘာသာရပ်တွင် စာရင်းရှိ သံဃာ (၄၃) ပါး ရှိပြီး သံဃာ (၂၇) ပါး ဝင်ရောက်ဖြေဆိုခဲ့ပြီး ပါရာဇိကကဏ္ဍ ပါဠိအဌကထာ ကျမ်းရင်း(၂)၊ သီလက္ခန္ဓဝဂ္ဂပါဠိ အဌကထာကျမ်းရင်း(၁)၊ သီလက္ခန္ဓဝဂ္ဂပါဠိအဌကထာကျမ်းရင်း(၂)၊ ဓမ္မသိင်္ဂဏီပါဠိအဌကထာကျမ်းရင်း(၂)၊ မြန်မာဂုဏ်ထူးတန်းတွင် ပါစိတျာပါဠိအဌကထာ၊ သုတ်မဟာဝါ၊ သုတ်ပါထိကပါဠိအဌကထာ၊ မဇ္စျိမနိကာယပါဠိအဌကထာ၊ သံယုတ္တနိကာယပါဠိအဌကထာ၊ ဝိဘင်္ဂါဒိပါဠိအဌကထာ၊ ပဋသမ္ဘိဒါမဂ္ဂပါဠိအဌကထာ၊ ပါဠိဂုဏ်ထူးတန်းတွင် ပါစိတျာဒိပါဠိအဌကထာ (၁)/(၂)၊ သုတ်မဟာဝါ၊ သုတ်ပါထိကပါဠိအဌကထာ (၁)/(၂)၊ ဝိဘင်္ဂါဒိပါဠိအဌကထာ (၁)/(၂) ကျမ်းစာများ ဆက်လက်ဖြေဆိုသွားမည်ဖြစ်ကြောင်း မြို့နယ်သာသနာ့ဦးစီးဌာနမှ သိရသည်။
အဆိုပါ အစိုးရဓမ္မာစရိယ စာမေးပွဲကို မတ်(၂၈)ရက်နေ့မှ ဧပြီ (၅) ရက်နေ့အထိ (၉) ရက်အကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် စာမေးပွဲများ ကျင်းပရာတွင် သံဃာ တော်များ စိတ်အေးချမ်းသာစွာ ဖြေဆိုနိင်ရေး ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ စေတနာရှင်ပြည်သူများက ဆွမ်း၊ ကွမ်း၊ ခဲဘွယ်ဘောဇင်များ နေ့စဉ် ကုသိုလ်ပြုလျက်ရှိကြောင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)