တပ်ကုန်းမြို့နယ်၌ နွေစပါးပန်းတိုင်အထွက်နှုန်းရရှိရေးဆောင်ရွက်

တပ်ကုန်း မတ် ၂၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၌ ၂၀၂၄ ခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် ပန်းတိုင်အထွက်နှုန်းရရှိရေး လိုအပ်သည့်စိုက်ပျိုးရေးအခြေခံအချက်များနှင့် စိုက်နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်အဖွဲ့များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဝန်ထမ်းများက နွေစပါးစိုက်ကွင်းအရောက် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် နွေစပါးစိုက်ပျိုးသည့်တောင်သူများ ပန်းတိုင်အထွက်နှုန်း တင်း ၁၀၀ ရရှိရေးအတွက် အခြေခံအချက်များဖြစ်သည့် စပါးမျိုးကောင်းမျိုးသန့်ရရှိရေး၊ စိုက်ပျိုး မြေကောင်းမွန်ရေး၊ ဆည်ရေလုံလောက်စွာရရှိရေး၊ စိုက်ပျိုးနည်းစနစ်မှန်ကန်ကောင်းမွန်ရေးနှင့် သီးနှံစိုက်ပျိုးစွမ်းအားတိုးတက်စိုက်ပျိုးနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများက တောင်သူများနှင့် တိုက်ရိုက်ထိတွေ့၍ တောင်သူအသိပညာပေးပြောကြားခြင်း၊ အစေ့ချကိရိယာ Seeder စနစ်၊ လက်ဆွဲကောက်စိုက်စက်တို့ဖြင့် နည်းစနစ်မှန်စွာစိုက်ပျိုးပြသခြင်းများ၊ ပျိုးဗန်းဖြင့် ပျိုးထောင်ခြင်းများကို လက်တွေ့ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပြီး၊ ယခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် တပ်ကုန်းမြို့နယ် ဆည်ရေသောက် ဧရိယာအတွင်းရှိ လယ်မြေများတွင် ၈၀၈၁ ဧကစိုက်ပျိုးပြီးစီပြီဖြစ်ကြောင်း သိရသည်။

တင်စိုးလွင်