မြင်းခြံ မတ် ၂၈
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ ၂၀၂၄ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲကို ယနေ့မွန်းတည့် ၁၂ နာရီအချိန်က ရွှေပြည်စိုးသာသနာ့ဗိမာန်တော်တွင် စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
၂၀၂၄ ခုနှစ် အစိုးရဓမ္မာစရိယ စာမေးပွဲတွင် မြင်းခြံမြို့နယ်အတွင်းရှိ စာသင်ကျောင်းများမှ ဝင်ရောက်ဖြေဆိုသည့် စာရင်းရှိသံဃာတော် (၃၆)ပါးရှိရာမှ ဝင်ရောက်ဖြေဆိုသည့်သံဃာတော် (၂၇)ပါးရှိကြောင်း ခရိုင်သာသနာရေးဦးစီးဌာနရုံးမှ သိရသည်။ ယခုကျင်းပသည့် စာမေးပွဲမှာ အစိုးရဓမ္မာစရိယ စာချတန်း(ရိုးရိုး)ဖြစ်ပြီး ဖြေဆိုသည့် ဘာသာရပ်မှာ ပါရာဇိကကဏ္ဍပါဠိအဋ္ဌကထာ ဖြစ်သည်။
၂၀၂၄ ခုနှစ် အစိုးရဓမ္မာစရိယ စာမေးပွဲကို မတ်လ (၂၈) ရက်နေ့မှ ဧပြီလ (၅) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး စာဖြေသံဃာတော်များအား စေတနာရှင်အလှူရှင်များမှ ဝတ္ထုငွေနှင့် အအေးများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)