တောင်ဥက္ကလာပ မတ် ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အမှတ်(၁၄)ရပ်ကွက်၊ သစ္စာလမ်း၊ ဥက္ကလာပဘုရားစေတီတော်မြတ်ကြီး၊ ရှေးဟောင်းခုနစ်ဆူဘုရားနှင့် အောင်တော်မူစေတီတော်ဝန်းအတွင်းရှိ တောင်ဥက္ကလာပမြို့နယ်လုံးဆိုင်ရာ သုံးထပ်ဆောင်သာသနာ့ဗ္မာန်တော်ကြီး၌ ဥပ္ပါတသန္တိပရိတ်တော် ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်(၆း၀၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် နမောတဿ(၃)ကြိမ်ရွတ်ဆို၍ဖွင့်လှစ်ပြီး ဆရာတော်ဦးဝိစာရက ရောင်ခြည်တော်ဖွင့် ဘုရားပင့်ရွတ်ဖတ်ပူဇော်သည်။ ဆက်လက်၍ ဧည့်ပရိတ်သတ်တို့က ကံသာကျောင်းဆရာတော်ဦးနန္ဒိမာထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ကံသာကျောင်းဆရာတော်ဦးအာလောကမှ ဥပ္ပါတသန္တိပရိတ်တော် ရွတ်ဖတ်ပူဇော်ရခြင်းအကျိုးတရားများအား ရှင်းလင်းမိန့်ကြားခဲ့သည်။ ထို့နောက် ဆရာတော်သံဃာတော်တို့က ဥပ္ပါတသန္တိပရိတ်တော်အား စတင်ရွတ်ဖတ်ဆိုပူဇော်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဥက္ကလာပစေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် ဂေါပကအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ယောဂီအဖွဲ့များ တက်ရောက်ခဲ့ကြောင်းသိရသည်။ ဥပ္ပါတသန္တိပရိတ်တော် ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို (၂၈-၃-၂၀၂၄ မှ ၃၀-၃-၂၀၂၄)ထိ ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)