ရမည်သင်း မတ် ၂၈
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် အသေးစားစက်မှုလက်မှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်လတ်၊ မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းဘို၊ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ပြည်စိုးတို့လိုက်ပါလျက် ယနေ့နံနက် ၈ နာရီက ရမည်းသင်းမြို့နယ် ဆည်ကြီးကျေးရွာ၊ တောင်သူ ဦးမောင်မြင့် ဝါစိုက်ခင်း၌ ဝါသီးနှံစိုက်ပျိုးသည့် တောင်သူများနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာသမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးသည် ဒေသခံ ဝါစိုက်တောင်သူများနှင့် တွေ့ဆုံ၍ ပြောကြားရာ တွင် ဝါစိုက်တောင်သူများနှင့်ယခုလို လာရောက်တွေ့ဆုံရခြင်းသည် တောင်သူများ၏ ဝါသီးနှံ အထွက်နှုန်းတိုးစေရန် မျိုးကောင်း၊ မျိုးသန့်များရရှိရေး၊ စိုက်ပျိုးရေရရှိရေး၊ ဝါသီးနှံ တစ်ဧက၂ သိန်း ထုတ်ချေးပေးမည်ဖြစ်သော်လည်း ယခုအခါ ငွေ ၂ သိန်း အစားဓာတ်မြေဩဇာများ၊ မျိုးစေ့များကို ပံ့ပိုးကူညီပေးမည်ဖြစ်ကြောင်း၊ ဝါတစ်ဧက ပိဿာ(၆၀၀/၇၀၀)ကျော်အထိ အထွက်တိုးအောင် ကြိုးစားရမည် ဖြစ်ပြီးတစ်ဦးချင်း စိုက်ပျိုးနေခြင်းထက် အသင်းအဖွဲ့ဖွဲ့စည်း စိုက်ပျိုးကြစေလိုကြောင်း၊ အသင်းအဖွဲ့ဖွဲ့စည်း၍ ကော်မတီများရှိမည်ဖြစ်ပြီး ကော်မတီမှ ဦးဆောင်နိုင်မည်ဖြစ်ကြောင်းကို ဆွေးနွေးပြောကြားခဲ့ပြီးရမည်းသင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးအောင်မျိုးသန့်မှ ဆွေးနွေးတင်ပြရာတွင် ရမည်းသင်းမြို့နယ်၌ ဝါစိုက်ပျိုးမှု (၄၃၀၂၀) ဧကရှိပြီး မိုး၊ မိုးကြို၊ မိုးနှောင်း(၃ )မျိုး ခွဲ၍ စိုက်ပျိုးကြောင်း၊ ဝါစိုက်ပျိုးရာတွင် စိုက်ပျိုးသည့် မြေမှာ အစိုဒဏ် ခံနိုင်ရမည်၊ ပိုးမွှားဒဏ် ခံနိုင်ရမည်ဖြစ်ပြီး ဝါသီးနှံသည် သွင်းအားစု၊ ဓာတ်မြေဩစာ၊သဘာဝ မြေဩဇာအလွန် ကြိုက်ပါကြောင်း၊ ရမည်းသင်းမြို့နယ်တွင် ဝါကြိတ် စက်(၅)ခု ရှိရာ ဦးဇော်လွင်ဦး၊ ဒေါ်လှလှနိုင် တို့၏ ဝါကြိတ်စက်မှာ(၅ )သိန်း မှ(၁၀)သိန်းထိ ကြိတ်နိုင်ပါကြောင်း ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ ဒေသခံ တောင်သူဖြစ်သည့် ဦးဘိုလေးချစ်မှ တင်ပြဆွေးနွေးရာတွင် မိမိတို့ကျေးရွာရှိ တောင်သူများသည်ကျီးနီကန်မှ လာသည့် အမှတ်(၃)မြှောင်းကိုအားကိုးနေရကာ အဆိုပါ ရေမြောင်းမှာ ပျက်စီးနေ၍ ဌာနမှလာရောက် ကွင်းဆင်းပြင်ဆင်ပေးနိုင်ရန်ကို လည်း ကောင်း၊ တောင်သူ ဦးစိုးနိုင်နှင့်တောင်သူ ဦးစိုင်းဆိုင်ခုံတို့မှ မိုးကြိုဝါသီးနှံ စိုက်ပျိုးမှုနှင့် သွင်းအားစုမြေဩဇာ လိုအပ်ချက်တို့ကို တင်ပြဆွေးနွေးခဲ့ရာ ဒုတိယဝန်ကြီးမှ တာဝန်ရှိသူများနှင့် ပြန်လည်ပေါင်းစပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲတွင် ရမည်းသင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ရွှေသိန်း၊ ရမည်းသင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်မြင့်စိုး၊ ရမည်းသင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းဇော်နှင့် ဝန်ထမ်းများ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုး၊မြို့နယ် သမဝါယမဦးစီးမှူး ဦးထွန်းနိုင်နှင့်ဝန်ထမ်းများ၊ ဒေသခံဝါစိုက်တောင်သူ (၅၀)ဦး၊ စုစုပေါင်း (၁၂၀)ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်