မိတ္ထီလာ မတ်၂၈
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မိတ္ထီလာကန်ထဲတွင် ဒေသရင်းနေရပ်သို့ မပြန်ကြသေးသည့် ဆောင်းခိုငှက်များနှင့်အခြားငှက်မျိုးစုံ ကျရောက်ကျက်စားလျက်ရှိပြီး ကန်ရေကျသည့်နှစ်များတွင် မိတ္ထီလာကန်အတွင်း ကျရောက်ကျက်စားသည့် ငှက်များကို လေ့လာနိုင်ကြောင်း ဒေသခံငှက်ကြည့်ဝါသနာရှင်များထံက သိရသည်။
မိတ္ထီလာကန်တွင်းမှာ မူရင်းဒေသရင်းနေရပ်မပြန်ကြသေးတဲ့ လက်ကျန်ဆောင်းခိုငှက်တွေနဲ့ ငှက်မျိုးစုံ ကျရောက်ကျက်စားနေပါတယ်။ မိတ္ထီလာကန် မိုးရွာသွန်းမှုအနေအထားကြောင့် ကန်ရေကျ ရေနည်းတာမျိုးက သုံးနှစ်တစ်ကြိမ် လေးနှစ်တစ်ကြိမ်လောက် ဖြစ်ပါတယ်။ အဲဒီအချိန်မျိုး နှစ်မျိုးဆို ငှက်မျိုးစုံ ကန်အတွင်းကို ကျရောက်ကျက်စားလေ့ရှိပါတယ်။ ဒီနှစ်ကလည်း ကန်ရေကျတဲ့နှစ်ဖြစ်တဲ့အတွက် ကန်ထဲမှာ လက်ကျန်ဆောင်းခိုငှက်တွေနဲ့ အခြားငှက်မျိုးစုံကို တွေ့မြင်နိုင်တာဖြစ်ပါတယ် ။
ခါနှစ်တိုင်းတွေနဲ့ မတူတာကတော့ နှစ်စဉ်အကောင်ရေ အနည်းငယ်တာတွေ့မြင်ရတဲ့ ဒေါင်းလန်းခြေထောက်ငှက်တွေကို အကောင်အရေ အများအပြားတွေ့မြင်ရတာဖြစ်ပါတယ်။ ခါတိုင်းနှစ်တွေမှာ ဒေါင်းလန်းခြေထောက်ငှက်ကောင်ရေ ဆယ်ကောင်က ဆယ့်နှစ်ငါးကောင်လောက်ပဲ တွေ့မြင်ရတာဖြစ်ပေမယ့် ဒီနှစ်မိတ္ထီလာကန်ထဲမှာ ဒေါင်းလန်းခြေထောက်ကောင်ရေ ငါးဆယ်ကျော်ခြောက်ဆယ်ဝန်းကျင်လောက် တွေ့မြင်ရပါတယ်ဟု ဒေသခံငှက်ကြည့်ဝါသနာရှင် ကိုသိန်းထွန်းက ပြောသည်။
မိတ္ထီလာကန်အတွင်း ဒေသငှက်များဖြစ်သည့် ဗျိုင်း၊ မယ်ညို၊ စစ္စလီများနှင့်အတူ ဒေါင်းလန်းခြေထောက်၊ ခရုစုပ်၊ ခရုတ်တုပ်၊ တစ်တီတူးခေါင်းမွဲ စသည်ငှက်မျိုးစုံကို နန်းတော်ကုန်းရပ်ကွက်၊ ဝန်ဇင်းရပ်ကွက်၊ ကုလားမကျွန်းကျေးရွာ၊ အုတ်နှဲဘုတ်ကျေးရွာနှင့် အင်းပက်လက်ကျေးရွာတို့နှင့် နီးစပ်သည့် ကန်ရေတိမ်ရေစပ်နေရာများတွင် လေ့လာတွေ့မြင်နိုင်ကြောင်း သိရသည်။
ချမ်းသာ