မုဒုံမြို့နယ်တွင် ဒေသထွက်ပိန္နဲသီးများလှိုင်လှိုင်ထွက်ရှိပြီး စျေးကောင်းရရှိ

မုဒုံ မတ် ၂၈

မွန်ပြည်နယ်သည် လယ်ယာသီးနှံ၊ ဥယျာဥ်ခြံသီးနှံများနှင့် ရော်ဘာစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းသော ပြည်နယ်ဖြစ်ရာ မုဒုံမြို့နယ်ရှိ ကျေးလက်ဒေသများနှင့် မြို့အနီးအနားဝန်းကျင်တစ်ဝိုက်တွင် ယိုးဒယားပိန္နဲသီးမျိုးများ စိုက်ပျိုးမှုဖြစ်ထွန်း၍ ယခုနှစ်သီး နှံထွက်ချိန် ပိန္နဲသီးများလှိုင်လှိုင်ထွက်ရှိပြီး စျေးကောင်းရရှိနေကြောင်း သိရသည်။

ပိန္နဲပင်များကို ပျိုးပင်များနှင့် ကိုင်းဆက်ကိုင်းကူးနည်းဖြင့် ရိုးရိုးအရိုင်းသီးမျိုးနှင့် ယိုးဒယားမျိုးတို့ကို အများဆုံးစိုက်ပျိုးကြရာ ကာလရှည်သီးနှံတစ်မျိုးဖြစ်သောကြောင့် စိုက်ပျိုးနည်းစနစ်များ စနစ်တကျမှန်ကန်အောင်ပြုစုရကြောင်း၊ အပင်များကိုစိုက်ပျိုးပြီး (၃)နှစ်ခန့်အကြာတွင် အသီးစတင်ထွက်ရှိကြောင်း၊ ယိုးဒယားမျိုးပိန္နဲသီးပင်(၂၀)ကို စိုက်ပျိုးရုံဖြင့် တစ်နှစ်ဝင်ငွေသိန်း(၄၀)ခန့်ရရှိနိုင်ကြောင်း ဘဲရမ်းကျေးရွာနေ ပိန္နဲသီးစိုက် တောင်သူတစ်ဦးကပြောသည်။

မုဒုံမြို့နယ်တွင် ဒေသထွက်ပိန္နဲသီးများကို တစ်ကီလိုလျှင် ငွေကျပ်(၁၅၀၀)မှ (၂၀၀၀)ကျပ်အထိ စျေးရရှိပြီး ပိန္နဲသီးတစ်လုံးလျှင် ဒေသပေါက်စျေး အသီးအရွယ်အစားအလိုက် ငွေကျပ်(၁၂၀၀၀)မှ (၃၀၀၀၀)ကျပ်အထိရရှိကာ မြို့ပေါ်စျေးများအပြင် မော်လမြိုင်၊ ရန်ကုန်နှင့် အခြားဒေသများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)