လားရှိုးမြို့တွင် ဟိုတယ်လုပ်ငန်းရှင်များ၊ ဟိုတယ်ဝန်ထမ်းများအား Biometric Data ကောက်ယူခြင်းများ ဆောင်ရွက်ပေးလျက်ရှိ

လားရှိုး မတ်လ ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ဟိုတယ်လုပ်ငန်းရှင်များ၊ ဝန်ထမ်းများနှင့် ပြည်သူများအား Biometric Data များကောက်ယူခြင်းကို ယမန်နေ့က ဆင်နှစ်ကောင်ဟိုတယ်တွင် ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ Biometiic Data များ ကောက်ယူ၍ UID ထုတ်ပေးရေးလုပ်ငန်းများကောက်ယူရာသို့ လားရှိုးခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မော်ထွန်းနှင့် တာဝန်ရှိသူတို့က သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လားရှိုးမြို့နယ်ရုံးသည် ပြည်နယ်၊ ခရိုင်ရုံး၏ ကြီးကြပ်မှုများနှင့်အတူ လားရှိုးမြို့၊ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်၊ ကန်မိန်းကျောင်းတိုက်တို့တွင် ရောက်ရှိနေကြသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား အိမ်ထောင်စုမိတ္တူထုတ်ပေးခြင်း၊ အိမ်ထောင်စုမရှိသူများအား အိမ်ထောင်စုပြုလုပ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား လဲလှယ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားပျောက်ဆုံးသူများကို မိတ္တူထုတ်ပေးခြင်း၊ အသက် (၁၀) နှစ်နှင့် (၁၈) နှစ်ပြည့်သူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

စိုင်းထွန်း (လားရှိုး)