လသာ မတ် ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ချပြရှင်းလင်းခြင်းကို ယမန်နေ့ကသလသာမြို့နယ်သံစျေး၊ စျေးတာဝန်ခံရုံးခန်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ဝင်းနှင့် အဖွဲ့ဝင်များက ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းစနစ် ကျင့်သုံးရခြင်းအကြောင်းရင်း၊ စစ်မှုထမ်းရမည့်အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလနှင့် စိုးရိမ်ရန်မလိုမှုများ၊ ပြည်သူ့စစ်မှုထမ်းတို့၏ခံစားခွင့်များ၊ ယခုကာလသည် ပြည်သူ့စစ်မှုထမ်းဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ချမှတ်ခြင်းမရှိသေးသောကြောင့် တရားမဝင်မီဒီယာများ၏ ကောလာဟလ လုပ်ကြံသတင်းများကို စိုးရိမ်ကြောင့်ကြရန်မလိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကိုမေးမြန်းရာ မြို့နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ဝင်းက ပြန်လည်ရှင်းလင်း ပြောကြား ခဲ့ကြောင်း သိရသည်။
နန်းသဲနုအောင်(ပြန်/ဆက်)