ငါန်းဇွန် မတ် ၂၈
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) တို့ ပူးပေါင်းပြီး စာရေးဆရာ ဒေါက်တာခင်မောင်ညို၏ “လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ်ကို လေ့လာ ဖတ်ရှု၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)မှ အဖွဲ့ဝင် မမို့မို့စံက “လူငယ်နှင့် အမှား” ခေါင်းစဉ်ဖြင့် လူတွေသည် အမှားတွေနှင့် နေကြသည်၊ အမှားကို လက်ခံပါ၊ သင်ခန်းစာယူပါ၊ ဖြစ်နိုင်လျှင် မိမိအမှားကို မှတ်တမ်းထားရှိပါရန်၊ အမှားတွေထဲ သင်ခန်း စာများကိုယူကာ လူ့ဘောင်ကြီး တိုးတက်လာစေဘို့ ကြိုးစားကြရန်ကိုလည်းကောင်း၊ မဉမ္မာဦးက “မှားမှာကို မကြောက်ပါနဲ့” ခေါင်းစဉ်ဖြင့် ပုဂ္ဂလိကဖြစ်စေ၊ အစိုးရဌာနဖြစ်စေ၊ ဌာနတစ်ခုခုမှာ အလုပ်ဝင်တဲ့အခါ အဲဒီဌာနဟာ မိမိရဲ့ မိသားစု(family)ပဲဆိုတာကို မမေ့ကြရန်၊ မိသားစုဝင်ဆိုတာ ကောင်းမွေဆိုးမွေကို ခံယူရသူတွေဖြစ်တဲ့အတွက် အားလုံးကောင်းစားရေးအတွက် အတူတကွ လက်တွဲလုပ်ရတာ ဖြစ်ပါကြောင်း၊ အမှားကိုမြင်ရင်ပြင်၍ ကောင်းတာတွေကိုလုပ်ရန်၊ အမှားတွေ ဖြစ်မှာကြောက်လို့ မလုပ်ဘဲမနေပါရန်၊ အမှားကို ဝန်ခံရန်၊ အမှားကို ဝန်ခံခြင်းဟာ အရေးပါဆုံးသော သိက္ခာရှိတဲ့ လုပ်ရပ်တစ်ခု ဖြစ်ပါကြောင်းကိုလည်းကောင်း၊ မစုနဒီလွင်က “လူငယ်နှင့် အောင်မြင်ခြင်း” ခေါင်းစဉ်ဖြင့် အောင်မြင်ဖို့ တည်ဆောက်တဲ့အခါ ကောင်းမွန်တဲ့ အလေ့အထတွေလိုအပ်ကြောင်း၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေဖို့ ကတိစောင့်ထိန်းခြင်း၊ တစ်ဖက်သားကို ကူညီခြင်း၊ သိမ်မွေ့အေးဆေးတည်ငြိမ်ခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း၊ မိမိကိုယ်ကို မြှင့်တင်ခြင်း၊ ကိုယ်ပိုင်အစွမ်းအစကို ဖော်ထုတ်ခြင်းတို့ကို ကြိုးစားသွားကြရမှာဖြစ်ကြောင်း “လူငယ်နဲ့ အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ်ပါ ခေါင်းစဉ်များအလိုက် မိမိတို့ဖတ်ရှုနားလည်မှုများကို စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသော စာပေဝါသနာရှင်များနှင့်အတူ အပြန်အလှန် ဆွေးနွေးကြရာ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ဖြည့်စွက် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)