တာမွေမြို့နယ်တွင် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

တာမွေ မတ် ၂၈

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီစဉ်မှုဖြင့် မတ်လ(၂၆)ရက်နေ့ မွန်းလွဲပိုင်းအချိန်က တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်ရှိ မြို့ဦးစာသင်တိုက်၌ နိုင်ငံတော်မှချီးမြှင့်သော ၂၀၂၄-ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရဆရာတော်(၅)ပါးအား ထပ်ဆင့်ဂုဏ်ပြုပူဇော်ခြင်းနှင့် ၂၀၂၃-ခုနှစ် အစိုးရ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများတွင် အောင်မြင်တော်မူခဲ့ကြသည့် မြို့နယ်အတွင်းရှိ စာအောင်သံဃာတော်များအား စာအောင်လက်မှတ်များ ဆက်ကပ်ခြင်း စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တက်ရောက်လာကြသော ဧည့်ပရိသတ်အပေါင်းတို့က နမောတဿသုံးကြိမ် ရွတ်ဆို၍ အခမ်း အနားကို ဖွင့်လှစ်ခဲ့ပြီး တာမွေမြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် “ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ စန္ဒောဘာသထံမှ ငါးပါးသီလ ခံယူစောင့်တည်ခဲ့ကြသည်။ ဆက်လက်၍ နိုင်ငံကျော်အဆိုတော် ဝိုင်းလမင်းအောင်၏ “တူရိယာလုလင်တေးဂီတအဖွဲ့က ရှစ်ဆယ်ပေါ်တေးထပ်နှင့် မင်္ဂလာရတုပိုဒ်စုံတို့ဖြင့် သီဆိုပူဇော်ခဲ့ပြီး ၂၀၂၄-ခုနှစ်တွင် နိုင်ငံတော်မှ ချီးမြှင့်သော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဖြစ်သည့် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတဘွဲ့တော် ရရှိသည့် ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဥပါသကာအဖွဲ့ဝင်များနှင့် ဧည့်ပရိသတ်အပေါင်းတို့က ၂၀၂၃-ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများတွင် အောင်မြင်တော်မူခဲ့ကြသည့် စာအောင် သံဃာတော်များအား စာအောင်လက်မှတ်များနှင့် အလှူငွေများ အသီးသီး ဆက်ကပ်လှူဒါန်းခဲ့ကြပြီး တာမွေမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် “ဂန္ထဝါစကပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တနာရဒထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

အခမ်းအနားသို့ တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဥပါသကာအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နိုင်လင်းအောင်(ပြန်/ဆက်)