ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၇၉) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပ

ပြင်ဦးလွင် မတ် ၂၈

တပ်မတော်သည် တိုင်းရင်းသားပြည်သူတို့နှင့် တစ်သားတည်း၊ အမျိုးသားလွတ်မြောက်ရေးသမိုင်းစဉ်နှင့် တစ်ဆက်တစ်စပ်တည်း အမျိုးသားနိုင်ငံရေးအသိ အပြည့်အဝဖြင့် ပေါက်ဖွားလာခဲ့သော တပ်မတော်ဖြစ်သည်နှင့်အညီ ယမန်နေ့မွန်းလွဲ ၃ နာရီက ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်  (၇၉) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာအခမ်းအနားတွင် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ စာရေးဆရာကိုရွှေအောင်သင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေဖြန့်ချိသော (၇၉) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အသိပညာပေး “သတင်းစကား”လက်ကမ်းစာစောင်ပါ (၇၉) နှစ်မြောက်တပ်မတော်နေ့ ဦးတည်ချက်များ၊ မျိုးမြတ်မြတ်မြင့်မောင်၏ အမြတ်ဆုံးဆု ကဗျာများစာအုပ်မှ “ဆက်၍ချီပါတပ်မတော်” ကဗျာနှင့် တပ်မတော်နေ့ သိကောင်းစရာများအား ဟောပြောဆွေးနွေးသည်။

အသိပညာပေးဟောပြောပွဲသို့ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း(၂၈)ဦး တက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် သတင်းစကားလက်ကမ်းစာစောင်များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက  ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ဖြူလူသစ် (ခရိုင်ပြန်/ဆက်)