တိုက်ကြီး မတ် ၂၈
(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ကျေးလက်ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၇)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် မလေးရှားဝိုင်ကျေးရွာအုပ်စု မေတ္တာအေးကျေးရွာတွင် ကျင်းပသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ကျေးလက်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ) ဦးသက်ဇော်က စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျေးရွာရပ်မိရပ်ဖ ဦးမြင့်ဆွေက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ဆက်လက်၍ (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရ ဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် မေတ္တာအေးကျေးရွာအဝင် ကျေးလက်ကွန်ကရစ်လမ်းသစ်အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ သံယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ သံယံဇာတရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက မေတ္တာအေးကျေးရွာအဝင် ကျေးလက် ကွန်ကရစ်လမ်းသစ်အား ကြည့်ရှုစစ်ဆေးသည်။
မေတ္တာအေးကျေးရွာအ၀င် ကျေးလက်ကွန်ကရစ်လမ်းသစ်သည် အရှည် (၀/ ၅.၇၁) မိုင် ၊ အကျယ် (၁၂) ပေ၊ ထု (၇) လက်မရှိပြီး (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး သံယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။
စန်ကလျာခိုင်(ပြန်/ဆက်)