ကျိုင်းတုံ မတ် ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ (၇၉) နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီက တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ စစ်ရေးပြကွင်း၌ ကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး (ကျိုင်းတုံ) ရဲမှူးကြီး အေးသိန်း၊ ပြည်နယ်/ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုကြပြီး သစ္စာအဓိဋ္ဌာန် (၄) ချက်အား ရွတ်ဆိုကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှ (၇၉) နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာအား တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်းက ဖတ်ကြားပြီး စစ်သည်တော်ကျင့်ဝတ် ဆုရရှိသူများအား ဆုများချီးမြှင့်ခြင်းနှင့် ပြည်သူ့စစ်အဖွဲ့များအား ယူနီဖောင်းများပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနား တက်ရောက်လာကြသူများအား ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက (၇၉) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)