နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး နေပြည်တော်ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာကြီးကြပ်ရေးကော်မတီ (၂/၂၀၂၄) အစည်းအဝေး တက်ရောက်

နေပြည်တော် မတ် ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာကြီးကြပ်ရေးကော်မတီ (၂/၂၀၂၄) အစည်းအဝေးကို မတ်လ ၂၆ ရက်နေ့ ညနေ ၄ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ နေပြည်တော်ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သန်းနိုင်စိုး၊ နေပြည်တော်ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီအနေဖြင့် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းတွေကို ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ၊ သတ်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်လုပ်ကိုင်နိုင်ကြရန်အတွက် မြို့နယ်ကုသရေးဦးစီးဌာနမှူးများက မြို့နယ်အလိုက် လုပ်ငန်းတစ်ခုချင်းကို လုပ်ငန်းစိစစ်ခြင်းနှင့် မှတ်တမ်းပြုစုခြင်းတွေကိုဆောင်ရွက်ပြီး နေပြည်တော်ကောင်စီ၏ လမ်းညွှန်မှုအတိုင်း နေပြည်တော်ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီအစည်းအဝေးတွေမှာ တင်ပြပြီး၍ ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုင်စင်ရယူပြီး လုပ်ငန်းဆောင်ရွက်နိုင်ကြစေရန်အတွက် သင့်တော်သော လုပ်ငန်းအမျိုးအစားအလိုက် လိုင်စင်စိစစ်ခွင့်ပြုပေးကြရန်၊ စည်းကမ်းနှင့်မညီသော ကျန်းမာရေးလုပ်ငန်းတွေကို ပိတ်သိမ်းအရေးယူသွားကြရန် ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ကော်မတီဝင်ဌာနများအနေဖြင့်လည်း ပါဝင်စိစစ်ပြီး လိုင်စင်ခွင့်ပြုရာတွင် အကြံပေး ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် နေပြည်တော်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သန်းနိုင်စိုးက ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းဆိုင်ရာကိစ္စရပ်များအကြောင်းနှင့် (၂၀၂၄)ခုနှစ်အတွင်း ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး နေပြည်တော်ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင်များက ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းလိုင်စင်အမျိုးမျိုးကို ထုတ်ပေးသည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်က ရှင်းလင်းဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ပြီး အစည်းအဝေးရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဟိန်းသူအောင် (ပြန်/ဆက်)