လယ်ဝေးမြို့နယ်၌ တိရစ္ဆာန်ရောဂါကာကွယ်ရေးနှင့်ဆေးကုသရေးလုပ်ငန်းများဆောင်ရွက်

လယ်ဝေး မတ် ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ သော်မှော်ကုန်းကျေးရွာ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ရောဂါကာကွယ်ရေးနှင့် ဆေးကုသရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယတိုင်း ဦးစီးမှူး ဒေါက်တာထွေးကိုကိုက ကျွဲနွားကောင်ရေစာရင်း တိကျမှန်ကန်မှုရှိစေရန်၊ ကျွဲနွားမွေးမြူ ရေး ဖွံ့ဖြိုးတိုးတက်လာစေရန် အသိပညာပေးဟောပြောပြီး လယ်ဝေးခရိုင်ဦးစီးမှူး ဒေါက်တာ ဝင်းမြင့်သိန်းက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရန်အတွက် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများ၊ မွေးမြူရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျေးရွာပြည်သူလူထုက ပူးပေါင်းပါဝင်ဆောင်ရွက် ကြရန်နှင့် ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအကြောင်း၊ နွားမျိုးကောင်းမျိုးသန့်များ မွေးမြူနိုင်ရေးအတွက် နွားများအား မိရိုးဖလာသားစပ်နည်းအစား မေထုန်မဲ့သားစပ်နည်းဖြင့် ဆောင်ရွက်ရန် အသိပညာပေးရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန(ရုံးချုပ်)မှ ဒေါက်တာလှိုင်ဝင်းနှင့် ဒေါက်တာသန့်ဇော်တို့က တိရစ္ဆာန်ရောဂါကာကွယ်ရေး၊ ကျွဲနွားများ ခွာနာလျှာနာရောဂါ ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများအကြောင်းနှင့် ခွေးရူးပြန်ရောဂါအကြောင်း ရှင်းလင်းဟောပြောကာ ဥတ္တရခရိုင်ဦးစီးမှူး ဒေါက်တာဇော်ဝင်းထွန်းက ဘဲမွေးမြူရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးရေးမွေးမြူရေးအထက်တန်းကျောင်းများ ဖွင့်လှစ်နေမှုများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် ကျေးရွာနေပြည်သူများအား မွေးမြူရေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေကာ ကျေးရွာအတွင်းရှိ နွား ၂၄ ကောင်နှင့် ဝက် ၂၇ ကောင်တို့အား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက် )